ကျိုင်းတုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်၊ ရွှေထီးတော်တင်လှူနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(ကျိုင်းတုံ)၌ ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်းက အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံး လျော့နိုင်ရေးတွက် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် ရွှေထီးတော်သစ် တင်လှူပူဇော်နိုင်ရေး နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေး တင်ပြပြီး မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ထီးတော်တင်လှူပူဇော်နိုင်ရေး နာယကအဖွဲ့၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက ထီးတော်သစ်တင်လှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်မှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ရွှေထီးတော်သစ် တင်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၀ ရက်မှ ၂၀ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)