သီပေါ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြင့် ဆောင်ရွက်လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြလိုက်ရပါသည်-
ဒေါ်သန်းညွန့်
ကျွန်မကတော့ သီပေါမြို့နယ်၊ ပန်းတိမ်မြောက်ရပ်ကွက်၊ အောင်သပြေလမ်းမှာ နေထိုင်တဲ့ ဒေါ်သန်းညွန့် ဖြစ်ပါတယ်။ အိမ်မှာကတော့ လက်ရှိအိမ်ထောင်စု(၂)စုနေပါတယ်။ ကျွန်မတို့ မောင်နှမ(၃)ဦးနဲ့ မောင်ဝမ်းကွဲမိသားစု(၃)ဦးဖြစ်ပါတယ်။ ကျွန်မရဲ့မောင်က ဇူလိုင်လ ပထမပတ်မှာ နှာစေး၊ ချောင်းဆိုးပြီး နောက်တစ်ပတ်ကြာမှာ အနံပျောက်သလိုဖြစ်တော့ ဆေးခန်း ပြရာမှ ဆရာဝန်က ဆေးရုံသွားဖို့ ပြောပါတယ်။ အဲ့ဒါနဲ့ ဆေးရုံမှာ စစ်ဆေးတော့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပါတယ်။ ဒါနဲ့ လူနာစောင့်ဖို့ ညီမကိုခေါ်တော့ သူ့ကိုလည်းစစ်ဆေးရာ ပိုးတွေ့ရှိတဲ့အတွက် ဆေးရုံတက်ရပါတယ်။ အိမ်မှာကျွန်မနဲ့မောင်ဝမ်းကွဲ လင်မယား နဲ့(၃)ယောက်ကျန်တော့ ရောဂါပိုး ရှိ/မရှိ ဇူလိုင်လ ၁၉ ရက်နေ့မှာ စစ်ဆေးရပါတယ်။ ကျွန်မက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရပြီး ဆေးရုံတက်ရပါတယ်။ မောင်ဝမ်းကွဲ လင်မယား ကတော့ ပိုးမတွေ့ရှိရတဲ့အတွက် Home Quarantine နေရပါတယ်။
ကျွန်မက ကိုယ်လက်ကိုက်ခဲ ညောင်းညာတာနဲ့ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်ပါတယ်။ အနံပျောက် တာလည်းမရှိပါဘူး။ ဆေးရုံတက်တဲ့ ကာလမှာလည်း ဆေးကိုစနစ်တကျ ပုံမှန် သောက်တယ်။ အာဟာရရှိတဲ့ အစားအစာတွေစားတယ်။ အိပ်ရေးဝအောင်အိပ်တယ်။ဒီလိုနဲ့ ဆေးရုံမှာ (၁၀)ရက်ဆေးကုသမှုခံယူခဲ့ပါတယ်။ ကျွန်မရဲ့မောင်နဲ့ ညီမက(၂)ရက်စောတက်တော့ သူတို့က(၁၂) ရက်ကြာပါတယ်။ဇူလိုင်လ ၂၈ရက်နေ့မှာ ဆေးရုံဆင်းရပါတယ်။ မောင်နှမ(၃) ယောက်အတူတူ ဆင်းလာရပါတယ်။ အိမ်ပြန်ရောက်တော့ Stay Home (၇)ရက် နေရပါတယ်။ ကျွန်မအနေနဲ့ ပြောချင်တာကတော့ ရောဂါဖြစ်လာရင်လည်း မကြောက်ပါနဲ့။ အားရှိ အောင်အိပ်ပါ။ စားပါ။ ပုံမှန်ဆေးတွေသောက်ပါ။ ပြီးတော့ကျန်းမာရေး ဌာနကညွှန်ကြားချက် များအတိုင်း အပြင်ထွက်တိုင်း (Mask) တပ်ပါ။ လက်ကိုမကြာခဏ စနစ်တကျဆေးကြောပါ ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေပါ။ အထူးပြောကြားချင်တာကတော့ ကျွန်မတို့ မောင်နှမ (၃) ယောက်က ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုး ထားပါဘူး။ မောင်ဝမ်းကွဲလင်မယားကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးထားပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားခြင်းက ရောဂါကူးစက်ခံရမှုကို အထိုက်အလျောက် ကာကွယ် ပေးတာ ဖြစ်မယ်လို့ ထင်ပါတယ်။ ယခုလက်ရှိထိုးပေးနေတဲ့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုလည်း မပျက်မကွက် ထိုးနှံကြပါလို့ အားလုံးကို တိုက်တွန်း ပြောကြားလိုပါတယ်။ ကျွန်မတို့မောင်နှမ(၃)ယောက်လည်း စက်တင်ဘာ လအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံထားပြီးဖြစ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။
ခင်လေး(သီပေါ၊ပြန်/ဆက်)