ဆီဆိုင် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်နှစ် နှစ်အောက်ကလေးငယ်များကို နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ ငွေများ ပေးအပ်လျက်ရှိရာ အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီခန့်က အောင်ချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ် နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလ တစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်(၅၀)ဦး၊ အသက်နှစ် နှစ်အောက်ကလေးငယ်(၂၁)ဦး၊ တစ်ဦးလျှင် ငွေကျပ် လေးသောင်းခွဲစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၃၁၉၅၀၀၀)ကို အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စောနှင့် ရပ်ကွက်စာရေး ဦးခွန်ကျော်ခင်တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)