ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

 

ပွင့်ဖြူ      အောက်တိုဘာ     ၁

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးလုပ်ကိုင်ခဲ့ရာ စက်တင်ဘာလ ၃၀ ရက် နေ့တွင် သတ်မှတ်လျာထားဧကဖြစ်သည့်  ၆၈၇၈၃ ဧက ထက် ၃၁၁ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံက သိရသည်။

 

ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် နှစ်စဉ် စပါးသီးနှံစိုက်ပျိုးမှု အများဆုံးဖြစ် သည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသခံပြည်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် (နွေ ၊ မိုး ၊ ဆောင်း ) သုံးရာသီ သီးနှံစိုက်ပျိုး ရေးလုပ်ငန်းကို အဓိကအားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ သီးနှံများစိုက်ပျိုးရာတွင် တောင်သူများ စိုက်ပျိုးရေ အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲ ဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ရာသီအလိုက် စိုက်ပျိုးရေအား စနစ်တကျ ဖြန့်ဝေပေးသည့်အတွက် တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ကဏ္ဍ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

 

ယခုနှစ်တွင်လည်း မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက  မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထား ဧက ပြည့်မီရေးအတွက် ကောက်စိုက်စက်များ အသုံးပြု၍လည်းကောင်း ၊ ကောက်စိုက်အလုပ်သမားများ ငှားရမ်း၍ လည်းကောင်း အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃၀ ရက်နေ့တွင် သတ်မှတ်လျာထားဧက ဖြစ်သည့် ၆၈၇၈၃ ဧက အပြင် ၃၁၁ ဧက ပိုမိုကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။  တောင်သူများ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း ၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများအား အသိပညာပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံများက နယ်မြေကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )