ဒေါပုံမြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်  အောက်တိုဘာ  ၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်း နေထိုင်ကြသော အသက်(၁၀) နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဒေါပုံမြို့နယ်မှူး ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများက ဇေယျာသီရိရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းရပ်ကွက်တွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ် (၈)ဦး၊ မိတ္တူ(၁၁)ဦး၊ စုစုပေါင်း (၂၆) ဦးကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်မာဝေ