သီပေါ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းနှင့် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းရှိမြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၆၇)အုပ်စုမှ အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင် မိခင် (၂၀၀၄)ဦး၊ အသက်(၂)နှစ် အောက်ကလေးငယ်(၁၅၉၄)ဦး ၊ စုစုပေါင်း (၃၅၉၈) ဦး အတွက် တစ်ဦးလျှင်ငွေကျပ်(၄၅၀၀၀/-)နှုန်းဖြင့် ငွေကျပ် သိန်းပေါင်း (၁၆၁၉.၁)သိန်းကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား စက်တင်ဘာလ၂၈ရက်နေ့မှ ၃၀ ရက်နေ့ အထိ(၃)ကြိမ် ခွဲ၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှပေးအပ်ခဲ့ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ် အောက်ကလေးငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ် ရသည့်ရည်ရွယ်ချက်မှာ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်(၂)နှစ်အောက်ကလေးငယ်များ သေဆုံးမှုနှုန်း လျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါကျန်းမာသန်စွမ်းပြီးအာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံး နိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျစေရန်၊ မိသားစု စီးပွားရေးထိခိုက်မှု လျော့နည်းသက်သာစေရန်၊ ကျန်းမာသန်စွမ်းသောနိုင်ငံသားကောင်း ရတနာ များ ပေါ်ထွန်းလာကာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)