ဒလမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၄၂၄၆၂ စုအား တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်နှုန်းဖြင့် WFP မှ လှူဒါန်းပေးဝေမည်

ရန်ကုန် အောက်တိုဘာ ၁

အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ(ဆန်)များ ထောက်ပံ့ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်ပါးမှုအမြင့်ဆုံး မြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ၅၀ ကီလိုဂရမ် (၂၄)ပြည်ခွဲခန့် ဆန်တစ်အိတ်စီအား လိုက်လံထောက်ပံ့လှူဒါန်းပေးဝေလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒလမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှုန်းဖြင့် လှူဒါန်းပေးဝေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒလမြို့နယ်အတွင်းမှာ ရှိတဲ့ အိမ်ထောင်စုပေါင်း  ၄၂၄၆၂ စု လှူဒါန်းပေးဝေဖို့ ရည်မှန်ထားပါတယ်၊ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ စုစုပေါင်း ၂၁ ခုမှာ ရှိတဲ့ အိမ်ထောင်စုပေါင်း ၁၈၃၁၆ စု ကို စက်တင်ဘာလ ၃၀ ရက်နေ့ အထိ အိမ်ထောင်စု တစ်စုကို ဆန် ၁ အိတ်နှုန်းနဲ့ ပေးဝေပြီးဖြစ်ပါတယ်၊ ခုလက်ရှိမှာလည်း ဆက်လက်ပေးဝေနေ ပါတယ်၊  အားလုံးပေးဝေပြီးသွားရင် ကျန်ရှိနေတဲ့ စားနပ်ရိက္ခာ မပြည့်စုံသေးသော အိမ်ထောင်စုများကို ဆက်လက် လှူဒါန်းပေးဝေ သွားဖို့ရှိပါတယ် ” ဟု WFP Myanmar ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒလမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၂၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာစုစုပေါင်း ၅၄ ရွာရှိရာ  အဆိုပါ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ မရှိနွမ်းပါးအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန် ၁အိတ် နှုန်းဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု များအလိုက် လှူဒါန်းပေးဝေလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရုန်းကန်နေကြရသော မိသားစုများကို ထောက်ပံ့ကူညီရန် ဂျပန်နိုင်ငံအစိုး၏ လှူဒါန်းပံ့ပိုးမှုဖြင့် WFP သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်ပါးမှု အမြင့်ဆုံး မြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာအထောက်အပံ့ကို ဖြန့်ဖြူးပေးဝေလျက် ရှိကြောင်း သိရသည်။

နိုင်လင်းကျော်