ပူတာအို အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ ပူတာအိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ(၃၀)ရက် ယမန်နေ့က ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီလူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ခိုင် နှင့် ၀န်ထမ်းများက ဒုတ္ထန်ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အိမ်ထောင်စု(၄၉၆)စုအား လူဦးရေစာရင်းစစ်ဆေးပေးခြင်း၊ ပြည်သူ(၅၀) ဦး၏ နိုင်ငံသားအမှတ်များဖြည့်သွင်းပေးခြင်း၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၁)ဦးအား ပြုလုပ် ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၀)ဦးအား ပြုလုပ်ပေးခြင်း စုစုပေါင်းနိုင်ငံသား စိစစ်ရေးကတ်ပြား ပေါင်း (၂၁)ကတ်တို့ကို ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီးအခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးရုံးမှလက်ထောက် ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများကကတ်ပြားများကို ကာယကံရှင်လက်၀ယ်အရောက် တစ်ဦးချင်းပေးအပ်ခဲ့ကြောင်းသိရသည်။
လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပူတာအိုမြို့နယ်ဦးစီးမှူးရုံးသည် ပန်းခင်းစီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက် ခုနှစ်ရပ်ကွက်တွင် ယမန်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၄၉၅)ကတ်ကို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး ပူတာအိုမြို့နယ်အတွင်း ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုရှိရာ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းရန်ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စုများအား ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)