ဖားကန့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေ ထည့်ဝင် ပေးခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်

ဖားကန့်   စက်တင်ဘာ   ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အလှူငွေထည့်ဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခြင်းအခမ်းအနားကိုယမန်နေ့နံနက် (၁၀) နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ 

အခမ်းအနားတွင်  ဖားကန့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖားကန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အလှူရှင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ စုစုပေါင်း  (၂၅)ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာများ  အသီးသီး ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနားတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပြီးနောက် အခမ်းအနားကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)