ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူး၍ (၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ဝိုင်းမော်            အောက်တိုဘာ  ၁

၂၀၂၁ ခုနှစ် အောက်တိုဘာ (၁) ရက်တွင် ကျရောက်သည့် (၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အများနှင့်သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ အများပြည်သူကျန်းမာရေးအတွက် အဓိကကျသည့်  ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူး၍ (၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁ ရက်  နံနက် ၇ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဆန်းဝင်း၊ ဝိုင်းမော်မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး သန့်ဇော်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းမော်မြို့ ရပ်ကွက် (၁) ရှိ မြစ်ကြီးနား - ဗန်းမော်ကားလမ်းမကြီးနှင့် ဝိုင်းမော်-ဆဒုံး - ကန်ပိုက်တီ လမ်းဆုံမီးပွိုင့်နှင့် ဝိုင်းမော်မြို့ မြို့မဈေးတွင် လာရောက်သည့် ဒေသခံပြည်သူများအား နှာခေါင်းစည်း (Mask)  (၅၀၀၀) ကိုဝေငှပေးခဲ့ပြီး နောက် ဝိုင်းမော်မြို့ ရပ်ကွက် (၂) အောင်ချမ်းသာစေတီတော်မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ကြသည်။

ထို့နောက် နံနက် ၉နာရီခွဲတွင် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင်  ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက် ရှိသည့် ပြည်သူ(၉၆)ဦးအတွက် အာဟာရဒါနအဖြစ် နေ့လည်စာ ထမင်းနှင့်ဟင်းလျာများ၊သောက်ရေသန့်ဘူးများ၊ဆေးရုံအတွက် ဆေးပဒေသာပင်ငွေကျပ်(၃)သိန်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဆန်းဝင်းနှင့် မြို့မရဲတပ်ဖွဲ့စခန်းမှူးတို့က လွှဲပြောင်း လှုဒါန်းခဲ့ရာ မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ယနေ့တွင် ကျရောက်သည့် (၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် တပ်ဖွဲ့တွင်း မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ကျင်းပပြုလုပ်သည့် နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆုချီးမြှင့်ခြင်း၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား အမှတ်တရလက်ဆောင်များ ကံစမ်းမဲဖွင့်လှစ်ပေးခြင်းတို့ကို မြို့မရဲတပ်ဖွဲ့ စခန်းမှူးရုံးဝင်းအတွင်း ကျင်းပ ပြုလုပ်ခဲ့သည်။

ဝိုင်းမော်( ပြန်/ဆက်)