ကျိုင်းတုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန် နေ့က ရပ်ကွက်ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံးလျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူ ၉၅၇ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုး ကူးစက်ခံရသူ ၈၃ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် နာရီစင်ရှေ့၊ အမှတ်(၂)ရပ်ကွက် လွယ်မွေလမ်းဆုံ၊ အမှတ်(၃)ရပ်ကွက် သာသနာ့ဗိမ္မာန်ရှေ့၊ အမှတ်(၄)ရပ်ကွက် လားဟူနှစ်ခြင်းဘုရားကျောင်းရှေ့၊ အမှတ်(၅)ရပ်ကွက် ယန်းခလရပ်၊ ကတ်ထိုက်ကျေးရွာအုပ်စု ကတ်ထိုက်ကျေးရွာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ ဆေးရုံကြီး၊ မြို့တော်ခန်းမ Fever Clinic နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)