ဆီဆိုင် အောက်တိုဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာကောင်းများကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ရည်ရွယ်၍ EM ဘိုကာရှီ မြေဩဇာပြုလုပ်နည်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်၊ ဒုတိယဦးစီးမှူး ဦးကျော်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၁ နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
ထိုသို့မြေဆွေးပြုလုပ်ရာတွင် EM ဘိုကာရှီ တစ်လီတာ၊ တင်လဲရည် တစ်လီတာကို ရေဂါလံ (၂၀)ဖြင့် ဖော်စပ်ပြီး ပြောင်းခွံ တစ်ပုံစာအတွက် အသုံးပြုရပြီး ပြောင်းခွံခြောက် EM ဘိုကာရှီပြုလုပ်ရာတွင် အလျား ၆ ပေ အနံ ၄ပေ အမြင့် ၃ ပေထိရောက်ရောက်အောင် ၆လက်မထု တစ်လွှာချင်းစီကို ဖွဲနု၊ နွားချေးခြောက်မှုန့်တို့ဖြူးပြီး EM ဘိုကာရှီဖျော်ရည်ကို ရေရွှဲနေအောင်လောင်းပေးရကာ ဤကဲ့သို့ ၆ လက်မထု ၆ လွှာ ဖြစ်အောင်ပြုလုပ်ပေးပြီးနောက် ရေရွှဲအောင်လောင်းပြီး ပလပ်စတစ်ဖြင့် လုံအောင်ဖုံးအုပ် ပေးထား၍ သုံးရက်လေးရက်ကြာလျှင် ပလပ်စတစ် အောက်သို့လက်ဖြင့် စမ်းကြည့်ပါက ပူနေလျှင် ရေထပ်မံလောင်းပေး၍ ပလပ်စတစ်ကို လုံအောင်ပြန်ဖုံးအုပ်ပေးရ မည်ဖြစ်ကြောင်းသိရသည်။ သဘာဝမြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြသပေးသည်။
EM ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲခြင်းကြောင့် မြေဆီလွှာတိုးတက်ကောင်းမွန်စေခြင်း၊ သီးနှံဖြစ် ထွန်းမှုကို အထောက်အကူပြုခြင်း၊ စိုက်ပျိုးသူ၊ စားသုံးသူသက်ရှိများနှင့်ပတ်ဝန်းကျင်ကို အန္တရာယ် မဖြစ်စေခြင်း၊ ပတ်ဝန်းကျင်ရှိအကျိုးပြုအဏုဇီဝများပိုမိုတိုးပွားလာစေသည့်အတွက် ရေရှည်အသုံး ပြုရန် အထူးသင့်တော်ခြင်းစသည့်အကျိုးကျေးဇူးများရရှိကာ အဆိုပါ သဘာဝ မြေဩဇာကို စတင်ပြုလုပ်သည့်နေ့မှစ၍ တစ်လအကြာတွင် စတင်အသုံးပြုနိုင်ပြီး မိမိတို့စိုက်ပျိုးသည့် စပါး၊ ပြောင်း၊ ပဲ၊ ဟင်းသီးဟင်းရွက်၊ ဉယျဉ်ခြံသီးနှံများတွင် ထည့်သွင်းအသုံးပြုနိုင်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)