ပုံပါကျင်မြို့ နမ့်ဟူးခွန်ကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပုံပါကျင်  အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု၌ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ၎င်းကျေးရွာအုပ်စုတွင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းနှင့် ပုံပါကျင်မြို့ ဒုတိယလဝကမှူး ဦးကျော်စွာဝင်းတို့က နမ့်ဟူးခွန်ကျေးရွာအုပ်စု အတွင်းရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများလက်ဝယ်အရောက် အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းကို  နမ့်ဟူးခွန်ကျေးရွာ အုပ်စုအတွင်းရှိ  နမ့်ယွန်း၊နမ့်ဟူးခွန်၊တာကွမ် နှင့် အောင်းလောင်း‌ ကျေးရွာများသို့ စက်တင်ဘာ (၁၂) ရက်မှ (၂၅)ရက်နေ့အထိ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး ၎င်းကျေးရွာများရှိ အိမ်ထောင်စု (၄၁)  စုအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၂ ) ဦးကို ထုတ်ပေးနိုင်ခဲ့သည်။

အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား‌ဆောင်ရွက်မည့်သူများအနေဖြင့် ပုံပါကျင်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံး၊ ရပ်ကွက်‌၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ ထံသို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။

သန္တာ(ပြန်/ဆက်)