မန့်ဟီးရိုး၌ (၅ ရက်တစ်ပတ်) ပျံကျဈေးအား ကျန်းမာရေး စည်းကမ်းချက်များနှင့်   ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြု

မန့်ဟီးရိုး   အောက်တိုဘာ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင်  မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီနှင့် မြို့နယ်ခွဲစည်ပင် သာယာရေးဌာန တာဝန်ရှိသူများ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ ဈေးသည်များ၊ ဒေသနေပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် (၅ရက် တစ်ပတ်) ပျံကျဈေးအား ယနေ့ နံနက်တွင် ပြန်လည်ဖွင့်လည့် ရောင်းချခွင့်ပြုခဲ့ကြောင်း သိရသည်။ 

ယင်းသို့ ဖွင့်လှစ်ရောင်းချခွင့်ပြုရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့ကိုဗစ်ကော်မတီမှသတ်မှတ်ထားသော စည်းကမ်းချက် များအတိုင်း နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ဝင်ရောက်ရန်၊ ဈေးရောင်းသူများမှလည်း နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးရောင်းချရန်၊ စားသောက်ဆိုင်များ အနေဖြင့်လည်း ပါဆယ် (Take away) စနစ်ဖြင့်သာရောင်းချပေးရန်၊ မန့်ဟီးရိုးမြို့အတွင်း နေထိုင်သူများနှင့် ဒေသခံများသာ ဈေးရောင်းချရန်၊ အခြားမြို့နယ်များမှ ဈေးသည်များ လာရောက်ဈေးရောင်းချခြင်းမပြုရန်နှင့် ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ရှမ်းပြည်နယ် စည်ပင် သာယာရေးဥပဒေ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတို့နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်

မန့်ဟီးရိုးမြို့ (၅ရက်တစ်ပတ်) ပျံကျဈေးကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်စေရန်နှင့် ကာကွယ်နိုင်စေရန် ရည်ရွယ်ပြီး ဇွန်လအတွင်းကစ၍ ခေတ္တယာယီပိတ်ထားရာမှ  ယနေ့ ပျံကျဈေး နေ့တွင် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်ထံမှ သိရသည်။

စန္ဒာ