ကျောက်ပန်းတောင်း အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသက်(၁၈)နှစ်နှင့်အထက် သာသနာ့ ဝန်ထမ်းများနှင့် လူပုဂ္ဂိုလ်များ သတ်မှတ်စုရပ်များတွင် လာရောက်ထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး ဆော်ဩခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမ္မာန်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုရပ်(၂)ခုခွဲ၍ ထိုးနှံပေးလျက်ရှိပြီး ပထမဦးစားပေးအစီအစဉ်အဖြစ် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် သံဃာတော်များကိုထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ အသက်(၅၀)နှစ်နှင့် အထက်ထိုးနှံပေးခဲ့ပြီး အောက်တိုဘာ(၂)ရက်နေ့မှ စတင်၍ အသက်(၅၀)နှစ်အောက် သတ်မှတ်ဦးတည်အုပ်စုဝင်များဖြစ်သည့် သာသနာ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များကို အမှတ်(၁)အ.ထ.က ဆေးထိုးစုရပ်အပြင် မြို့နယ်ခွဲအလိုက် ဆေးထိုးစုရပ်များ သတ်မှတ် ထိုးနှံပေးသွားမည်ဖြစ်ရာ လူတန်းစားမရွေး၊ လူမျိုး/ဘာသာမရွေး ကာကွယ်ဆေးများကို မဖြစ်မနေ လာရောက်ထိုးနှံကြရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လက်ကိုင် အသံချဲ့စက်ငယ်ဖြင့် လှည့်လည်ဆော်ဩအသိပညာပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)