မိတ္ထီလာမြို့ပေါ်ရှိ အန္တကူရေဆိုးကန်မှ ရေဆိုးထုတ်ပိုက်များ အစားထိုးလဲလှယ်

မိတ္ထီလာ  အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာကန်အနောက်ဘက်ရှိ ရပ်ကွက်များမှ ထွက်ရှိသည့် ရေဆိုးများ မိတ္ထီလာကန်အတွင်း ကျရောက်မှုမရှိစေရေး အန္တကူရေဆိုးကန်မှ ရေဆိုးထုတ်ပိုက်များ အစားထိုး လဲလှယ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

မိတ္ထီလာမြို့ပေါ်ရှိ  ရတနာမာရ်အောင်၊ သီရိမင်္ဂလာ၊  မြို့မ၊ စျေးအရှေ့ပြင်၊ ဝန်ဇင်း၊ ရန်မျိုးအောင်၊ အောင်ဇေယျာ၊ ချည်စက်၊ နန်းတော်ကုန်း၊ ပေါက်ချောင်းရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများမှာ သောက်သုံးရေအဖြစ် မိတ္ထီလာကန်ရေကို အဓိကအသုံးပြုလျက်ရှိသည်။ ထိုသို့ အသုံးပြုလျက်ရှိသည့် မိတ္ထီလာကန်ရေအတွင်းသို့ မိတ္ထီလာကန်အနောက်ဘက်ရှိ ရပ်ကွက်များမှ ထွက်ရှိသည့် ရေဆိုးများ ဝင်ရောက်မှုမရှိစေရန် အန္တကူရေဆိုးကန်နှင့် နန်းတော်ကုန်း ရေဆိုးကန်တို့ဖြင့် ရေဆိုးများစုပြီး ၎င်းရေဆိုးများ ထုတ်ရန် ပိုက်သွယ်တန်းပြီး မိတ္ထီလာကန်ကို ဖြတ်၍ မိတ္ထီလာကန်အရှေ့ဘက်ခြမ်းရှိ စည်သူချောင်း အတွင်းသို့ ထုတ်လွှတ်လျက်ရှိသည်။ ယင်းသို့ ပိုက်သွယ်တန်းပြီး ရေဆိုးများ ထုတ်လွှတ်လျက်ရှိရာမှ အန္တကူရေဆိုးပိုက်မှာ နှစ်ကာလကြာပြီ ဖြစ်သဖြင့် ရေပိုက်များ ကောင်းမွန်မှုမရှိ၍ အန္တကူရေဆိုးပိုက်များ အစားထိုးလှဲလှယ်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင်  စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ( ၄၆.၂၆ )သန်းဖြင့် အရှည်ပေ ၁၁၀၀ ကို အကျယ် ၁၂ လက်မရှိ HDPE အမျိုးအစား ပိုက်များဖြင့် လဲလှယ်ခြင်းကို စက်တင်ဘာလ ပထမပတ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)