စစ်တွေ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး တို့နှင့် အတူ စက်တင်ဘာလ ၂၉ ရက်နေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ် ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုငွေ နှင့်ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင် စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခြင်း၊ မြောက်ဦးခရိုင်အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်ပြီး မြောက်ဦးမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြောက်ဦးမြို့နယ် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်ထောက်ပံ့ခြင်း၊ အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးဝန်ထမ်း များအတွက် ဂုဏ်ပြုငွေ ကျပ်သိန်း(၂၀) နှင့် ဂုဏ်ပြုမှတ်တမ်း အားလည်းကောင်း၊ မြောက်ဦးမြို့နယ် အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ် သိန်း(၁၀၀) အားလည်းကောင်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီးနှင့် အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီမှလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပစ္စည်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း လက်ခံရယူကြသည်။ ယင်းနောက် မြောက်ဦးမြို့နယ် ကုသရေး ဦးစီးမှူး ဒေါက်တာ ခင်မောင်သန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ၊ မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ် လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် ပန်းခင်းစီမံချက် အကြောင်းအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြောက်ဦးမြို့နယ် အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပေးအပ်ကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက လက်ခံရယူကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက မြောက်ဦးခရိုင် အတွင်းရှိ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်း (၁၄၈၉) ခု၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၅၆၄) ကတ် အားပေးအပ်ရာ ဒေသခံပြည်သူများကိုယ်စား မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်သာထွန်းက လက်ခံရယူသည်။
ဆက်လက်၍ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိ၊မြို့ဖများက ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိ သူများက ရှင်းလင်းဆွေးနွေးပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့နယ် လောင်းကြပ်ကျေးရွာအနီး ပီပင်ရင်းစိုက်ပျိုး ပညာပေးစခန်း၌ ဒေသခံတောင်သူများနှင့် သွားရောက်တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဒေသခံတောင်သူများက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဆန်၊စပါးများ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဈေးကွက်သို့ ထိုးဖောက်ရောင်း ချနိုင်ရေးလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ စိုက်ပျိုးရေးပညာ ပေးစခန်းအတွင်း မျိုးစေ့နမူနာ များနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာနမူနာများပြသထားရှိမှုများကို လှည့်ကြည့်ရှုကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် လောင်းကြပ်ကျေးရွာအနီး တောင်သူ ၈ ဦး၏ မျိုးစေ့ ထုတ်စိုက်ခင်း ဧက ၆၀ တွင် ပေါ်ဆန်းရင်မျိုးစေ့ထုတ်စပါး ၁၀ ဧကနှင့် ဆင်းသွယ်လတ် မျိုးစေ့ ထုတ်စပါး ဧက ၅၀ စိုက်ပျိုးအောင်မြင် နေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး အီးအင်ဘိုကာရှီ မြေဆွေးပုံ သရုပ်ပြသပြုလုပ်ထားမှု အားကြည့်ရှုအားပေးကြသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့ သျှစ်သောင်းပရိယတ္တိ ဘုန်းတော် ကြီးကျောင်း၊ မြတန်ဆောင်းပညာဒါနကျောင်းနှင့် မင်္ဂလာအောင်စေတီဘုရားတိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ဆရာတော်များအား ဖူးမြော်ကာလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံကာ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ ဆား၊ ကြက်ဥ၊ အမျိုးသမီ အဝတ်အထည်များ၊ အမျိုးသမီးသုံးပစ္စည်းများ၊ ဖိနပ်၊ အဝတ်အထည်များနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် တိုက်ပွဲရှောင်စခန်း အတွင်း နေထိုင်ကြသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့ မြို့တော်ခန်းမ၌ အသက် ၄၅နှစ် နှင့်ထက် ဒေသခံ ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)