ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၁၄၂) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်

တာချီလိတ်  အောက်တိုဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၁၄၂) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်သဖြင့် သက်ဆိုင်ရာ ​နေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေး အတွက် တာဝန်ရှိသူများမှ မော်တော်ယာဉ်များဖြင့်  ယမန်နေ့က ​ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာလ (၂၅)ရက်နေ့က ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန်ပြည်သူများဖြစ်​ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာတွင် အသွားအလာ ကန်သတ်စောင့်ကြည့်ထား၍ တတိယမြောက်နေ့တွင် နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြည်ပြည်သူ(၅၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ အဆိုပါ ပိုးတွေ့ရှိသည့် နေရပ်ပြန်ပြည်သူများအား ဝမ်လုံး ကုသရေးစင်တာတွင် ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့သို့ နှစ်ကြိမ်မြောက် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ အမျိုးသား(၇၈)ဦးနှင့် အမျိုးသမီး(၆၄)ဦး စုစုပေါင်း(၁၄၂)ဦးအား တာချီလိတ်မြို့ရှိ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီဥက္ကဋ္ဌ ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက နေရပ် ပြန်ပြည်သူများကို  အစားအသောက်များ ဝေငှ​​ပေးခြင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ရောက်ရှိ နိုင်ရေးအတွက်  မော်တော်ယာဉ်များစီစဉ်ပေးပြီး အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက် )