မိုင်းရယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများ

မိုင်းရယ် အောက်တိုဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အသက်(၆၅)နှစ်နှင့်အထက် ဦးတည်အုပ်စုများ၊ ဈေးရောင်းသူများ၊ ယာဉ်မောင်းများ၊ စက်ရုံဝန်ထမ်းများ စသည်ဖြင့် အုပ်စုများအလိုက် ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာန စုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ စကားသံ များကိုလည်း ဖော်ပြလိုက်ရပါသည်။

ကိုကျော်မင်းဦး (ဈေးရောင်း-မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်)

ကိုဗစ်ရောဂါ ဘယ်လိုစဖြစ်လဲဆိုတော့၊ ဈေးသွားဝယ်ရင်းနဲ့ ပူစီနံအနံ့ကို ရှူကြည့်တော့ အနံ့က မရဘူး၊ အဲ့တာနဲ့ ဆေးရုံမှာ စစ်ကြည့်လိုက်တော့ ပိုးတွေ့တယ်။ အနံ့က ၈ ရက်လောက် မရဘူးဖြစ်တယ်။ ဖျားတာတော့ မဖျားဘူး၊ ကိုယ်လက်ကိုက်တာတော့ နည်းနည်းရှိတယ်၊ အစားလည်း မစားချင်ဘူး၊ ဒါပေမယ့် မစားလို့လည်းမရဘူးလေ၊ စားပြီး အားရှိမှပဲ ဒီရောဂါ ဒဏ်ကို ခံနိုင်ရည်ရှိမှာဆိုတော့၊ မစားချင်လည်း အတင်းကြိတ်မှိတ်ပြီး စားတယ်။ ဆေးရုံ ရောက်တော့ အသက်ရှူလေ့ကျင့်ခန်းတို့ရေနွေးငွေ့ရှူ တာတို့လုပ်တယ်။ နေပူဆာလုံတယ်၊ ကိုယ့်ရောဂါဒဏ်က အရမ်းကြီးဆိုးတဲ့အထဲမပါတော့ အောက်ဆီဂျင်တွေ ဘာတွေတော့ မပေးရဘူး။ ရောဂါအခံ မရှိလို့လည်းဖြစ်မယ်ထင်တယ်၊ စိတ်ကိုလည်း အေးဆေး တည်တည်ငြိမ်ငြိမ် လေးပဲထားတယ်။ အချိန်တန်ရင်ပျောက်သွားမှာပဲဆိုပြီး၊ အဓိကကတော့ စိတ်ပါပဲ။ အခုတော့ ကျန်းကျန်းမာမာနဲ့ သက်သာနေပါပြီ။

ဒေါ်သင်းသင်းရီ (ဈေးရောင်း-မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်)

ဒီရောဂါ ဘယ်လိုစဖြစ်လဲဆို အန်တီက ဈေးရောင်းတာဆိုတော့ ဈေးဝယ်လာတဲ့သူတွေထဲ ဘယ် သူ ရောဂါရှိမှန်းလည်း မသိဘူးလေ၊ အဲ့လိုနဲ့ ဆက်စပ်ကူးလာတယ်လို့ထင်တယ်။ ရောဂါစစ ဖြစ်ချင်းတော့ သုံးလေးရက်လောက်ဖျားတယ်။ အနံ့ကတော့မပျောက်ဘူး၊ ဒါပေမယ့် အဖျားက ရှိတော့ အစားမစားချင်ဘူး။ အသက်ရှူရနည်းနည်းကြပ်ပြီး မောလာလို့ ဆေးရုံသွားစစ် လိုက်တာ ပိုးတွေ့တာပါပဲ။ အဲ့တာနဲ့ ဆေးရုံ တက်ရတယ်၊ ဆေးရုံမှာတော့ အသက်ရှူ လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်၊ ဆရာဝန်တွေပေးတဲ့ ဆေးတွေ မှန်မှန်သောက်တယ်။ ဆေးရုံမှာ တစ်ပတ်နေလိုက်ရတယ်၊ တခြားတော့ ကျန်းမာရေးဆိုင်ရာတော့ သိပ်ထွေထွေထူးထူးမဖြစ်ဘူး။ ဆေးတွေတော့ ထိုးပေးနေတယ်၊ ဒါပေမယ့် ကိုယ်ဆေးထိုးဖို့အလှည့်ရောက်ခါမှ ရောဂါကူးစက် ခံရတာဆိုတော့ ဆေးထိုးရဖို့တော့ စောင့်ရအုံးမှာပေါ့။ အခုတော့ နေပြန်ကောင်းနေပြီ၊ ဈေးလည်း ပြန်ရောင်းနေပါပြီ။

နန်းတုန်ခမ်း(ကျောင်းသူ-မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်)

ကျောင်းတွေကပိတ်ထားတော့ သမီးကမေမေ့ကို ဈေးကူရောင်းပေးရင်းနဲ့ မေမေကနေ မကောင်းဖြစ်တဲ့အချိန် သမီးပါ နေမကောင်းဖြစ်တယ်။ အဲ့တာနဲ့ မေမေနဲ့အတူ ဆေးရုံမှာ စစ်လိုက်တော့ ပိုးတွေ့တယ်။ ရောဂါကူးစက်ခံရတော့ နေမကောင်းပဲဖြစ်တယ်။ အနံ့လည်း မပျောက်ဘူး၊ အစား တော့မစားချင်ဘူး။ မေမေကမရဘူး စားရမယ်၊ အစားအသောက်ကိုစားမှ ဒီရောဂါဒဏ်ကို ခံနိုင်မယ်ဆိုပြီး ကျွေးတော့ သမီးလည်း မြန်မြန်ပျောက်ချင်တာနဲ့ မစားချင် လည်း အတင်းစားရတယ်။ ဆေးရုံမှာ မေမေနဲ့အတူ အသက်ရှူလေ့ကျင့်ခန်းတွေ၊ ရေနွေးငွေ့ ရှူတာတို့ ဆရာဝန် တွေပေးတဲ့ ဆေးကိုမှန်မှန်သောက်ပြီး ကျန်းမာအောင်နေတယ်။ မေမေရှိတော့ အားမငယ်ဘူး၊  အခု ကျန်းကျန်းမာမာနဲ့ မေမေ့ကို ဈေးတွေးပြန်ကူရောင်းနေပြီ။

ကျော်ဇင်ထိုက် (မိုင်းရယ်)