သင်္ဃန်းကျွန်း စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည် အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်ကြရန်၊ မိမိတို့နေအိမ်အတွင်းမှာသာ နေထိုင်ပေးကြရန်၊ ဧည့်သည်လက်ခံခြင်း မပြုရန်၊ မိမိတို့ အနေဖြင့်လည်း တခြားအိမ်များ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အပြင်ထွက်ချိန်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ကိုစက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ လူစုလူဝေးနှင့် ဈေးဝယ် ထွက်ခြင်းများ ရှောင်ကြဉ်ရန်၊ မိမိတွင် ကိုဗစ်-၁၉ရောဂါလက္ခဏာများ ပြသလာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ပြသကြရန်တို့ကို အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးအဆင့်အလိုက် ထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်များတွင် စာရင်းပေးရမည့်သူများထံ၌ စာရင်းပေးသွင်းပြီး ဆေးထိုးပေးမည့် နေ့ရက်နှင့် သတ်မှတ် စုရပ်များတွင် ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း၊ ဆက်လက်၍ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေး အသိပေး နှိုးဆော်ခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများက ဒုတိယအကြိမ်ကို သတ်မှတ်ရက်များ အလိုက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများ အနေဖြင့်လည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ သွားလာနေထိုင်နိုင်ရေး သတိပြုလိုက်နာဆောင်ရွက်ရေးတို့ကို ပြည်သူများ သိရှိနေစေရန် အသိပညာပေး နှိုးဆော်ပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းလာမည်ဖြစ်သည့် အတွက် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပရဟိတ အဖွဲ့များ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး