ကျောက်ဆည် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြီး အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းအား ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သော သဘာဝပတ်ဝန်းကျင်နှင့် ညီညွှတ်သော အခြေခံအဆောက် အဦများ တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချခြင်း၊ ရေလေလွင့်ဆုံးရှုံးမှု လျှော့ချခြင်း၊ ရေအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ ထင်းအစားထိုး လောင်စာမီးဖိုနှင့် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချခြင်းနှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်စီမံခြင်း၊ မြေယာပြုပြင်ခြင်းနှင့် မြေဆီလွှာတိုက်စားမှုကာကွယ်ခြင်း စသည့်အကြောင်း အရာများကို ရှင်းလင်းပို့ချခဲ့ပြီး သင်တန်းနှင့် ပတ်သတ်သည့် ပညာပေးလက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များနှင့် ဗွီနိုင်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာများဖြစ်သည့် ရွှေဒါး၊ကတဲ၊ ကြောင်ပန်းကုန်း၊ ဘုံကွင်း၊ သံရွာ၊ ကုလားကျောင်း၊ ပြည်တော်သာ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၂၁)ဦး၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ကျေးရွာများဖြစ်သည့် လယ်ကြီး၊ ကိုးပင်၊ တောင်တော်၊ ခတက်ကုန်း၊ တောင်နောက်၊ ရွာနန်းကျေးရွာများမှ သင်တန်းသား၊သင်တန်းသူ(၁၈)ဦး၊ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေး ဆောင်ရွက်လျက်ရှိ သော ကျားအိုလေး၊ သီးပင် ကျေးရွာများမှ သင်တန်းသား၊သင်တန်းသူ (၆)ဦး စုစုပေါင်းသင်တန်းသား၊သင်တန်းသူ (၄၅)ဦးတက်ရောက်ခဲ့ကြောင်း နှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ စဉ်ဆက်မပြတ် ဝင်ငွေမြင့်မားစေမည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်းသိရှိရသည်။
သက်မောင်(ကျောက်ဆည်)