လက်ပံတန်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းအေးက လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသား လူမှုရေးပင်စင်များ ပေးအပ်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သက်ကြီး ဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သော (ဧပြီလ၊ မေလ နှင့်ဇွန်လ)တို့အတွက် တစ်လလျှင် ငွေကျပ် (၁၀၀၀ဝိ/-)နှုန်းဖြင့် သုံးလစာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လက်ပံတန်းမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၁၁၅၅)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၃၄၆၅၀၀၀၀)ကျပ်တိတိကို မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူးက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်ထံ လွဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်လူမှု၀န်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၅၃) အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လက်၀ယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဝင့်နန္ဒာဌေး