နမ့်စန်(တ) အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ ညနေ ၃ နာရီချိန်၌ အမှတ်(၂) ရပ်ကွက်မှ အသက် ၃၀ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အား ခွဲစိတ်၍ အောင်မြင်စွာကလေးမွေးဖွားပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
အဆိုပါ အမျိုးသမီးမှာ ကလေးမွေးဖွားရန်အတွက် စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခြင်းဖြစ်ပြီး RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာမှ ၎င်းထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာခွဲစိတ် မွေးဖွားပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ထိ နမ့်စန်ပြည်သူ့ဆေးရုံတွင် ယခုလူနာ အမျိုးသမီးအပါအဝင် အမှတ်(၁)ရပ်ကွက်မှ ၃ ဦး၊ အမှတ်(၂)ရပ်ကွက်မှ ၁ ဦး နှင့် အမှတ်(၄)ရပ်ကွက်မှ ၁ ဦး စုစုပေါင်း ကိုဗစ်ရောဂါ အတည်ပြု ကိုယ်ဝန်ဆောင် ၆ ဦးကို အောင်မြင်စွာခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယမန်နေ့ ခွဲစိတ် လူနာမှာ မိန်းကလေး မွေးဖွားကာ မိခင်ကော ကလေးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
မြို့နယ် ပြန်/ဆက်