ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြန်မာ၊ ကိုးကန့်၊ “ဝ” ဘာသာတို့ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ပန်လုံ  အောက်တိုဘာ  ၁

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ဦးဆောင်၍ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့၊ “ဝ”ယဉ်ကျေးမှုအဖွဲ့တို့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ မိမိတို့နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို မြန်မာ၊ ကိုးကန့်၊ “ဝ”ဘာသာတို့ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပန်လုံ ပြန်/ဆက်