အစားအစာထုတ်လုပ်ခြင်းနှင့် လက်ကားနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးအလုပ်သမား စစ်တမ်းကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လားရှိုး   ဩဂုတ်  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် အစားအစာ ထုတ်လုပ်ခြင်း နှင့် လက်ကားနှင့်လက်လီ ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍရှိ ကလေးအလုပ်သမားစစ်တမ်း ကောက်ယူနိုင်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက အဖွင့်အမှာ စကားပြောကြားရာ ‘ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်နှင့် မြို့ပေါင်း (၁၇)ခု တို့တွင် လုပ်ကိုင်နေသည့် အစားအစာ ထုတ်လုပ်ခြင်း လုပ်ငန်း ကဏ္ဍ၊ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်ပြင်ဆင်ခြင်း လုပ်ငန်းကဏ္ဍများတွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းပေါင်း(၇၁၈)ခုတို့ကို နမူနာအဖြစ်ရွေးချယ်၍ စစ်တမ်းကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ စစ်တမ်းကောက်ယူရာတွင် ဒေသဆိုင်ရာအချက်အလက်များ လွယ်ကူ မှန်ကန်စွာရရှိရန် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  စစ်တမ်းကောက်ယူခြင်းဖြင့် ရွှေ့ပြောင်း အလုပ်သမား အပါအဝင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံမှုရှိစေရေး၊ လူကုန်ကူးမှု ဆိုင်ရာ အရေးယူမှုနှင့်  ကာကွယ်ထောက်ပံ့မှုဆိုင်ရာအစီအစဉ်များအား ထောက်ပံ့ပေးရေး၊  တူညီသည့် လုပ်ငန်းများတွင် လုပ်ခလစာ တန်းတူရရှိနိုင်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များကိုလည်း အထောက်အပံ့ဖြစ်စေနိုင်မည့် စာရင်းအင်း အချက်အလက်များ ရရှိနိုင်မည် ဖြစ်ပါကြောင်း’ ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် (၁၇) မြို့မှ ဒုတိယဦးစီးမှူး (၂၇)ဦးတို့ဖြင့် (၁၇-၈-၂၀၂၀)ရက်နေ့မှ (၂၁-၈-၂၀၂၀)ရက်နေ့ထိ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)