တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှစ်ရှည်ပင်များစိုက်ပျိုး

တောင်ကြီး  ဩဂုတ်  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍  ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ထီလုံးတောင် ကျေးရွာ၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်နှင့် ရာသီဥတုမျှတစေရန် ရည်ရွယ်လျက် နှစ်ရှည်ပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးရာတွင် ထင်းရှူးပင်၊ ခါတော်မှီပင်၊ ရေသင်းဝင်ပင်၊ ကေစွန်းဝါးပင်၊ချယ်ရီပင်၊ ချင်းဒညှင်းပင်စသည့် နှစ်ရှည်ပင် (၅၇၀)ပင် ကို ထီလုံးတောင်ကျေးရွာ၊ မင်္ဂလာဘုရားရင်ပြင်တော်၊  အခြေခံပညာ မူလတန်းကျောင်း ၀င်းအတွင်းနှင့်  ကျေးရွာရှိ ဘေးမဲ့တောတို့တွင် ရှမ်းပြည်နယ် သစ်တောဦးစီးဌာနရုံး၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးမောင်မျိုးနှင့် ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် ကျေးရွာပြည်သူများတို့က စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်