မှော်ဘီမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေး ကျေးရွာထူထောင်ခြင်း ရံပုံငွေပေးအပ်

ရန်ကုန် စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မှော်ဘီမြို့နယ် မြစိမ်းရောင် (အသားကဏ္ဍ) မွေးမြူရေး ကျေးရွာ ထူထောင်ခြင်း နှင့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်း ရံပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက် ၈ နာရီခွဲ၌ မှော်ဘီမြို့နယ်၊ မြန်မာ့ဆန်စပါး သုတေသနဌာနတွင် ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများအနေဖြင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေး ဒေသ ရာသီဥတုနှင့် ကိုက်ညီပြီး ထုတ်လုပ်မှုမြင့်မားသော မျိုးကောင်းမျိုးသန် တိရစ္ဆာန်များကို မွေးမြူခြင်းဖြင့် ဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရရှိလာသော အတိုးငွေများဖြင့် မိမိတို့ရပ်ရွာအတွင်း လိုအပ်သော ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေး ကျေးရွာထူထောင်ခြင်းနှင့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန် ဖြန့်ဖြူးရန် ရန်ပုံငွေပေးအပ်ခြင်းဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၂) မြို့နယ်၊ ကျေးရွာအုပ်စု (၄၆)အုပ်စုမှာ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မှော်ဘီမြို့နယ် ကျွဲခေါင်းအင်းကျေးရွာနှင့် ကြိမ်ပိုက်ကျေးရွာတွင် ဝက်မွေးမြူရန် ငွေကျပ် သိန်း(၃၀၀)၊ ရေတာကျေးရွာတွင် နွားမွေးမြူရန် ငွေကျပ်သိန်း(၃၀၀)၊ တိုက်ကြီးမြို့နယ်၊ အုန်းပင်စု ကျေးရွာတွင် နွားမွေးမြူရန် ငွေကျပ်သိန်း(၃၀၀) စုစုပေါင်း ငွေကျပ်သိန်း (၉၀၀)ကို သက်ဆိုင်ရာ မြစိမ်းရောင်ကျေးရွာ ရံပုံငွေကြီးကြပ်မှုကော်မတီသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လွှဲပြောင်းပေး အပ်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာရှိ စူပါကောင်း ပုဂ္ဂလိက နို့စားနွား အကောင်ရေ (၁၀၀) မွေးမြူထားရှိမှုများကိုလည်းကောင်း၊ အရှေ့သရက်ကုန်း ကျေးရွာရှိ ပုဂ္ဂလိကအသားတိုး ကြက်မွေးမြူရေး ခြံနှစ်ခြံတွင် ကြက်အကောင်ရေ (၄၇၀၀) မွေးမြူထားရှိမှုကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကုလားကုန်းကျေးရွာရှိ ပြည်သူများအား ဇဗ္ဗူအေးဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စုစာရင်းနှင့် အမျိုးသားမှတ်ပုံတင်ကတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လူဦးရေ (၂၅၀)ဦးအတွက် မှတ်ပုံတင်ကတ် နေ့ချင်းပြီး ထုတ်ပေးနေမှုများကိုလည်းကောင်း၊ ဘန်ဘွေးကုန်း ကျေးရွာရှိ ဘန်ဘွေးကုန်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သတ်မှတ်အုပ်စုများမှ လူဦးရေ (၅၅၀)ဦးကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)