ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

တောင်ကြီး စက်တင်ဘာ ၃၀

 

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ၏ အစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့  ရှမ်းပြည်နယ်အစိုးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသည်ကို ကာကွယ် တားဆီးနိုင်ရန်အတွက် နိုင်ငံတော်က အများပြည်သူရုံးပိတ်ရက်ရှည် ကာလသတ်မှတ် ခဲ့ခြင်းကြောင့် အစည်းအဝေးကို မကျင်းပနိုင်ခဲ့ကြောင်း၊ ရင်းနှီးမြုပ်နှံသူလုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ရုံးဖွင့်ရက်များ၌ ကျင်းပရခြင်း ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် အတည်ပြုမိန့်နှင့် ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြုပ်နှံ လုပ်ငန်း(၂)ခုက တင်ပြလာသည့် တည်ဆောက်ရေး ကာလသက်တမ်းတိုးမြှင့်ခွင့်များကို ကော်မတီအဖွဲ့ဝင်များ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ပေးကြရန်နှင့် အများပြည်သူ ရုံးပိတ်ရက်ရှည် ကာလကြာမြင့်မှုကြောင့် ဆောင်ရွင်ပေးရမည့်ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရန် ကော်မတီအဖွဲ့ဝင်များအားလုံးကို တိုက်တွန်းပြောကြားလိုကြောင်း၊ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖြေလျော့ပေးသည့် အချိန်ရောက်လာပါက ဆောင်ရွက်ပေးရ မည့်ရင်းနှီးမြုပ်နှံမှုမြင့်တင်ရေး လုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုလွယ်ကူချောမွေ့ရေး လုပ်ငန်းများနှင့် After care service လုပ်ငန်းဖြစ်သည့် ကွင်းဆင်း ကြီးကြပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ကြရန် ကြိုတင်ပြင်ဆင် ထားရှိရန်တိုက်တွန်းပြောကြားသည်။

 

ဆက်လက်၍ Hi Avocado ကုမ္ပဏီ လီမိတက်၏ ထောပတ်သီး၊ သရက်သီးအစရှိသည့် သီးနှံများပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းကိုတည်ဆောက်ရေးကာလတိုးမြှင့်ခွင့်တင်ပြလာခြင်း နှင့် New World Shwe pyi Tan Company Limited ၏စက်အုတ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့် Golden pineapple Company Limited မှ လုပ်ငန်းယာယီ ရပ်နားခွင့်ပြုပါရန်တင်ပြခြင်းပေါ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်ရင်းနှီးမြုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဦးလေးနိုင်မှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင် အားလုံးမှ ဆွေးနွေးကြကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်း ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားကြောင်း သိရသည်။

 

ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၅)ခု ရင်းနှီးမြုပ်နှံမှု ပမာဏအမေရိကန်ဒေါ်လာ(၁၁.၀၀)သန်းနှင့်မြန်မာ နိုင်ငံသားရင်းနှီးမြုပ်နှံမှု လုပ်ငန်း(၁၁)ခု ရင်းနှီးမြုပ်နှံမှုပမာဏကျပ်သန်း (၂၇၂၀၃.၅၅)ကို ခွင့်ပြုပေးထားပြီး ကော်မတီ အနေဖြင့် လုပ်ငန်းပေါင်း (၁၆)ခုတွင် ပြည်တွင်းအလုပ်အကိုင် အခွင့်လမ်းပေါင်း(၉၈၁)ဦးနှင့် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၄) ဦးကို ဖော်ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မောင်မောင်သန်း (တောင်ကြီး)