မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (၁၇)ခုမှ အိမ်ထောင်စု (၂၁၂၅) စု၊ လူဦးရေ (၁၁၄၃၈)ဦး တို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနား RC နေရပ်စွန့်ခွာ စခန်းသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း နေရပ်စွန့်ခွာပြည်သူများ အနေဖြင့် ခက်ခဲမှုပိုမိုကြုံတွေ့နိုင်သည်ကို မိမိတို့အနေဖြင့် နားလည်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နေထိုင်စားသောက်မှုများ အဆင်ပြေစေရေးထောက်ပံ့မှုများကို တတ်နိုင်သလောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ ပိုမိုထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ဆက်လက်ပူးပေါင်းပါဝင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့ ပေးအပ်ခဲ့မှုအခြေအနေများနှင့် ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းမော်မြို့နယ် အတွင်းရှိ မြို့မနှစ်ခြင်း၊ လော်ဝေါ်နှစ်ခြင်း၊ မိုင်းနားမူရင်းနှစ်ခြင်း၊ လော်ဝေါ်အေဂျီ၊ သာဂရလီဆူ၊ မဒိန်၊ ခတ်ချို၊ နောင်ဟီး၊ မိုင်းနားကတ်သလစ်၊ မိုင်းနားအေဂျီ၊ မိုင်းနားလဝမ်၊ မိုင်းနားဖွံ့ဖြိုးရေးခြံ၊ စင်ကြိုင်၊ အမှတ်(၁) လော်ဝေါ်နှစ်ခြင်းဇုံနယ်၊ စန်းကား၊ ဆဒုံး၊ မုတ်လွှဲ(ခါးရှိ)စသည့်စခန်းပေါင်း (၁၇)ခုမှ အိမ်ထောင်စု ပေါင်း ၂၁၂၅ စု၊ လူဦးရေ ၁၁၄၃၈ ဦးတို့အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၆၈၇၅၀ ကျပ်တန်ဖိုးရှိ ဆန် (၃၅၇၄)အိတ် (၉)ပြည်နှင့် ဆီ (၄၂၅၀)ပိဿာ၊ ဆား ၂၁၂၅ ပိဿာ၊ ကုလားပဲ ၄၂၅၀ ပိဿာကို အသီးသီးထောက်ပံ့ပေးအပ်ကြရာ သက်ဆိုင်ရာစခန်းတာဝန်ခံများက လက်ခံရယူခဲ့ကြပြီး စခန်း တာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ပြည်နယ်( ပြန်/ဆက်)