မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

မန်တုံ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကိုလျော့ နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့နံနက် အချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များတွင် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့် ဆိုင်များတွင် စျေးမ၀ယ်ကြရန်၊ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ် သူများနှင့် တွေ့ဆုံပါက စကားပြောခြင်းမ ပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Mask များအား ထပ်မံ အသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ် နှင့်နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ်ခြင်းနှင့် ကိုင်တွယ်ခြင်း မပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးဘဲ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ လေ၀င်လေထွက်မကောင်းသော အခန်းများ၊  ပြူတင်းတံခါး များဖွင့်ပြီး လေ၀င်လေထွက်ရရှိအောင် ဆောင်ရွက်ထားကြရန်၊ မိမိတို့ပတ်၀န်းကျင်၌ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန်သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံး ဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှု    ခံယူရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန် Hand Speaker ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းနှိုးဆော်ခဲ့သည်။

ထိုသို့ ကျန်းမာရေးအသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံ နေရာများ၊ အိမ်ခြေထူထပ်သောနေရာများသို့ သွားရောက်ဆောင်ရွက် ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)