တပ်ကုန်း စက်တင်ဘာ ၂၉
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)အတွင်း အကောင်အထည် ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စီမံကိန်းကျေးရွာရွေးချယ်ခြင်းကို ယနေ့ နံနက် ၁၀နာရီခွဲက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါစီမံကိန်းကျေးရွာရွေးချယ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုး တက်ရောက် အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းက စီမံကိန်းကျေးရွာအဖြစ် ရွေးချယ်ရေးနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ညောင်တုံးအိုင်ကျေးရွာအုပ်စု၊ ကျီးအင်းကျေးရွာကို(ပထမ)၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ကန်သာ ကျေးရွာကို(ဒုတိယ)၊ သာယာအေးကျေးရွာအုပ်စု၊ သာယာအေးကျေးရွာကို(တတိယ) စီမံကိန်း ကျေးရွာဖြစ် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ၂၀၁၄ခုနှစ်မှ ၂၀၂၁ခုနှစ်ထိ (၂၅)ယူနစ်၊ (၂၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
တင်စိုးလွင်