လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မွန်ပြည်နယ် ပန်းခင်းစီမံချက် Volunteer ရက်တို သင်တန်း ဖွင့်လှစ်

သံဖြူဇရပ်   စက်တင်ဘာ  ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် လူမှုဘဝ ပြည်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ မွန်ပြည်နယ် ပန်းခင်းစီမံချက် Volunteer ရက်တို သင်တန်းဖွင့်ပွဲ   အခမ်းအနားကို   ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမက အဖွင့်အမှာစကား ပြောကြားရာတွင် “ယခုပန်းခင်းစီမံချက်သည် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား လူမှုဘဝ ပြည့်စုံရန် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊   ထို့ပြင်နိုင်ငံသား စိစစ်ရေးကတ်ပြားရှိမှသာ မိမိတို့၏အခြားသော ကိစ္စရပ်များကို ပြုလုပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း”  ပြောကြားသည်။

အဆိုပါသင်တန်းကို  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ဒုတိယပြည်နယ် ဦးစီးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်  လူမှုအဖွဲ့အစည်း Volunteer သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးရဲလင်းအောင် နှင့် လက်ထောက်မြို့နယ်မှူးဒေါ်ခင်စန်းဝင်းတို့က သင်တန်းပို့ချပေးမည်ဖြစ်ပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား တစ်ဦးချင်းအလိုက် လိုက်နာရန် စနစ်တကျ ဆောင်ရွက်ထားရှိပြီး  သင်တန်းကာလမှာ(၁)ရက် တည်းသာဖြစ်ပြီး  သင်တန်းသား၊ သင်တန်းသူ  (၂၅)ဦး   တက်ရောက်ကြောင်း သိရ သည်။