ကျိုက်ထို စက်တင်ဘာ ၂၉
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါဖြစ်ပွားနှုန်းကို ဟန့်တားနိုင်ရန် အတွက် မြိုပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လူမှုကူညီရေး အသင်းများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ ပြီးသူများ၏ ရင်တွင်းခံစားချက်များကိုလည်း ယခုလို ပြောကြားခဲ့ပါတယ်။
ကိုအောင်အောင်(၂၈-နှစ်)
(အောင်ချမ်းသာ(၄)လမ်းကံ့ကော်ရပ်ကွက်)
ကျွန်တော်က ကံ့ကော်ရပ်ကွက် အောင်ချမ်းသာ(၄)လမ်းမှ အောင်အောင် ဖြစ်ပါတယ်။ ကျွန်တော်က ကံ့ကော်ရပ်ကွက် အောင်ချမ်းသာ(၄)လမ်း လူမှုကူညီရေးအသင်းတွင် ပရဟိတ လုပ်ငန်းတွေ ပူပေါင်း ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးဖို့လိုအပ်ကြောင်း သိရှိလာသည့်အတွက် ကာကွယ်ဆေးကို ထိုးနှံရခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးကို ထိုးဖို့မထိုးရဲဘူး။ ဘာကြောင့် မထိုးရဲတာလဲ ဆိုတော့ အပြင်မှာရပ်ကွက်တွေထဲမှာ ကြားနေတာက သွေးတိုးရှိရင် နှလုံးရောဂါရှိရင် ထိုးမရဘူးဆိုပြီး ပြောနေကြတယ်။ အဲ့ဒါနဲ့ကျွန်တော်မှာလည်း သွေးတိုးရှိတော့ မထိုးရဲဘူးဗျ။ တခြားသွေးတိုး ရှိသူတွေ၊ ရောဂါအခံရှိတဲ့သူတွေ ထိုးတာတွေ့မှ ထိုးလို့ရတာပဲဆိုပြီး သွားထိုးပါတယ်။ သူများတွေ ပြောသံကြားတာကတော့ ဆေးထိုးပြီးရင် မူးမယ်၊ နာမယ် ကိုယ်လက်တွေ ကိုက်မယ်ဆိုပြီးပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဆေး(၂)ကြိမ်လုံးထိုးပြီးတဲ့ထိ ဘာမှမဖြစ်ဘူးဗျ။ ရောဂါဖြစ်မှ ကုသခြင်းထက် ကြိုတင် ကာကွယ်သည့်အနေဖြင့် ကာကွယ်ဆေးထိုးထားသင့်ပါကြောင်း အကြံပြုပြောကြား လိုပါတယ်။
ဦးမြသောင်း(၇၃-နှစ်)
(ဇေယျာမွန်ရပ်ကွက်)
ကျွန်တော်ကတော့ ကျိုက်ထိုမြို့ဇေယျာမွန် ရပ်ကွက်နေ ပြည်သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကာကွယ်ဆေး လာရောက်ထိုးနှံခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် ပြောရရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဟာ နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချိုရှိသူများနှင့် လတ်တလော အဖျားရှိသူများ ထိုးလို့မရကြောင်း သိရသည့်အတွက် မထိုးပဲနေခဲ့ပါတယ်။ ဒါပေမယ့် ဆေးမထိုးရင် မိမိနေရမယ့် သက်တမ်းအရ မှန်းလို့မရသလို ကျွန်တော်တို့ မျက်စေ့ရှေ့မှာတင် အသက်အရွယ်မရွေး ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် သေဆုံးနေတာကို တွေ့မြင်ကြားသိရသည့်အတွက် မဖြစ်မနေ ကာကွယ်ဆေးထိုးရန် လာရောက်ရခြင်း ဖြစ်ပါတယ်။ ကျွန်နော်တို့ မိသားစုအားလုံး ကာကွယ်ဆေး(၂)ကြိမ်လုံး ထိုးပြီးပါပြီ။ ကာကွယ်ဆေး ထိုးနှံခဲ့ရာမှာလည်း ဝေဒနာခံစားရမှုမရှိပါ။ ကျွန်တော့်အနေနဲ့ ပြည်သူများကို ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းချင်ပါတယ် ကာကွယ်ဆေးထိုးနှံထားသည့်အတွက် (၉၀) ရာခိုင်နှုန်းကျော် ကူးစက်ရောဂါကို ကာကွယ်ပေးသည့်အတွက် အားလုံးလာရောက် ထိုးနှံစေချင်ပါတယ်လို့ ပြောချင်ပါတယ်။
ကိုသူရဖြိုး(၂၈-နှစ်)
ကံ့ကော်ရပ်ကွက် ၊ကျိုက်ထိုမြို့။
ကျွန်တော်ကတော့ ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်မှ သူရဖြိုး ဖြစ်ပါတယ်။ ယခု ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလတွင် မိမိမှတစ်ဆင့် ပတ်ဝန်းကျင် မိသားစုများကို အလွယ်တကူ ကူးစက်နိုင်သည့် ကပ်ရောဂါဖြစ်တဲ့အတွက်ကြောင့် မဖြစ်ခင်ကြိုတင် ကာကွယ်သည့် အနေဖြင့် ကာကွယ်ဆေးကို ကျွန်တော်တို့ မိသားစုအားလုံးထိုးပြီးခဲ့ပါပြီ။ ဆေးထိုးရမှာကိုတော့ စိုးရိမ်စိတ်ရှိခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင် ကစကားသံတွေ အမျိုးမျိုးကြားသိနေရလို့ပါ မူလရှိထားတဲ့ ကိုယ်တွင်းရောဂါရှိရင် အန္တရာယ်ဖြစ်တတ်တယ် အစရှိသည့် စိုးရိမ်စကားသံတွေကြောင့် ကြောက်ရွံမိခဲ့ပါတယ်။ ဒါပေမယ့် လည်းဆေးထိုးစဉ်တွင် ကျန်းမာရေး ဝန်ထမ်းများက ကိုယ်ပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းစသည်တို့ကို စနစ်တကျ စမ်းသပ်တိုင်းတာပြီးမှ ကိုဗစ်-၁၉ကာကွယ်ဆေး ကိုထိုးနှံပေးသည့်အတွက် မူးဝေခြင်း၊ အော့အန် ခြင်းမရှိခဲ့ပါ။ ဆေးထိုးစဉ်၌ လက်မောင်းအောင့်ခြင်း ဝေဒနာကိုတော့ ခံစားခဲ့ရပါတယ်။ ဆေးထိုးပြီး နောက်ပိုင်း ကျွန်တော်နှင့်အတူ မိသားစု ဝင်အားလုံးမည်သည့် ရောဂါ ဝေဒနာကို ယနေ့ချိန် ထိမခံစားရပါ။ ပြောချင်တာက ကာကွယ်ဆေးနှင့် မတည့်ရင် အန္တရာယ်ရှိတယ် ဆိုတဲ့ ပတ်ဝန်းကျင် ပြောစကားကို မယုံကြပါနဲ့ ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
၀င်းမောင် (ပြန်/ဆက်)