လယ်ဝေး စက်တင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ဆေးထိုးစုရပ်(၉)ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (First Dose)ကို စက်တင်ဘာ ၁၆ ရက်မှစတင်ထိုးနှံလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး များထိုးနှံရာတွင် အသက်(၅၅)နှစ်မှ(၆၄)နှစ်ကြား အသက်အရွယ်ရှိသူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းသူနှင့်လူအများကြား ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအားထိုးနှံပေးလျက်ရှိပြီး ယခင်ပထမ အသုတ်ဆေးထိုးနှံစဉ်က အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသူများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများ၊ ဆေးတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်ပညာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးတွင်း အောက်ဆီဂျင်တိုင်းတာပေးခြင်းတို့ကိုဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို အလှည့်ကျထိုးနှံပေးသည်။ ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့်အနားယူစေပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီစောင့်ရှောက်ပေးလျက်ရှိသည်။
ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အထောက်အထား စာရွက်အား ဒုတိယအကြိမ် လာရောက်ထိုးနှံသည့်အခါ ယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (First Dose)အား စက်တင်ဘာ ၂၈ ရက်အထိ လူဦးရေ(၁၄၈၉၁)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝေကြည်စန်းအောင်(ပြန်/ဆက်)