ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေး ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်

ကျောက်ဖြူ  စက်တင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ယနေ့  နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိဈေးများနှင့် လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပေးနှိုးဆော်ရာတွင် ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများမှာ နေ့စဉ်နှင့် အမျှ ရှိနေပြီး သေဆုံးသူများရှိနေပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့် လက္ခဏာများ ဖြစ်ပွား လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား‌ရောက် ပြသကြရန် လိုအပ်ကြောင်းစသည့် လိုက်နာရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး