ကျောက်မဲ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ မန်ခါ ကျေးရွာရှိ တိုက်ပွဲရှောင် စခန်းသို့ အမှတ် ၉ ရပ်ကွက်မှ ဦးကျော်အောင်နှင့် အလှူရှင်များသည် ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်းချက်စရာ စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းမန်ခါတိုက်ပွဲရှောင်စခန်းတွင် ယနေ့အထိ တိုက်ပွဲရှောင် ပြည်သူ ၂၁၆ ဦးရှိနေပြီး အဆိုပါစခန်းရှိတိုက်ပွဲရှောင်များအတွက် ဦးကျော်အောင်နှင့်အဖွဲ့တို့မှ စုစုပေါင်း တန်ဖိုး ငွေကျပ် ၅ သိန်းကျော်တန်ဖိုးရှိ ဟင်းချက်စရာများကို သွားရောက်လှူဒါန်းထားပြီဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စု၊ လွယ်ကုန်ကျေးရွာအုပ်စုနှင့် ဟူးကွက်ကျေးရွာ အုပ်စုတို့၌ RCSS နှင့် TNLA ၊ SSPP တပ်ပေါင်းစုတို့အကြား ဩဂုတ်လဆန်းမှ စ၍ ဖြစ်ပွားနေ သည့် တိုက်ပွဲများကြောင့် အဆိုပါ ဒေသရှိ ပြည်သူများသည် ကျောက်မဲမြို့ပေါ်နှင့် ဘေးလွတ်ရာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်ရှိ နမ့်စော့ကျေးရွာ ၊ မိုင်းတင်းကျေးရွာ ၊ နားမွန်းကျေးရွာ၊ နားမွန်းကျေးရွာ၊ ပြိန်းခါး ကျေးရွာ၊ မန်ခါကျေးရွာရှိ တိုက်ပွဲရှောင်စခန်းများအပါအဝင် တိုက်ပွဲရှောင် စခန်းပေါင်း ၁၆ နေရာ၌ ခိုလှုံနေသည့် တိုက်ပွဲရှောင် ပြည်သူ ၁၆၀၀ ဦးကျော် ရှိနေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦစီးဌာနမှသိရသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများသည် မြို့နယ်တိုက်ပွဲရှောင် ကော်မတီ၏ ထောက်ပံ့မှု၊ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ရပ်တည်နေရပြီး ယခုလအတွင်း၌ အလှူရှင် နည်းပါးနေကြောင်း တိုက်ပွဲရှောင်စခန်းမှ ပြည်သူအချို့၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)