မှော်ဘီမြို့နယ်၌ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာ ထူထောင်ခြင်းနှင့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန် ဖြန့်ဖြူးခြင်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာထူထောင်ခြင်းနှင့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်ဖြန့်ဖြူးခြင်း ရန်ပုံငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေးသုတေသန(မှော်ဘီ)တွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံမှာ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးပြည်နယ်(၁၅)ခု၊ပြည်နယ်ခွဲ(၂) ခု၊ ခရိုင်(၆၀)၊ မြို့နယ်(၃၃၀)နှင့် ကျေးရွာပေါင်း (၆၄၉၁၇)ရွာရှိပြီး နိုင်ငံလူဦးရေ၏(၇၀)% ဟာ ကျေး လက်ဒေသများမှာ နေထိုင်ကြပြီး ကျေးလက်နေပြည်သူများ လူမှုဘဝတိုးတက်ရေးနဲ့ ကျေး လက်မြို့ ပြကွာဟမှု ကျဉ်းမြောင်းစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦစီးဌာနမှတဆင့် ကျေးလက်ဒေသများတွင် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်းနှင့် မျိုးကောင်း မျိုးသန့် တိရစ္ဆာန် ဖြန့်ဖြူး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူသူများလာသည်နှင့်အမျှ တိရစ္ဆာန်ကောင်ရေ တိုးပွားစေရန်၊ ဒေသရာသီဥတုနှင့် ကိုက်ညီပြီး ထုတ်လုပ်မှု မြင့်မားသော မျိုးကောင်း မျိုးသန့် တိရစ္ဆာန်များ မွေးမြူလာစေရန်၊မွေးမြူသူ အစုအဖွဲ့များ၏ စီမံကွပ်ကဲမှုအရ လက်ဆင့်ကမ်း မွေးမြူခြင်းဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးလာစေရန်၊ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ ဝင်ငွေတိုးတက်လာစေရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ရရှိလာသော အတိုးငွေများမှ မိမိတို့ရပ်ရွာအတွင်း လိုအပ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်လျက် ရှိကြောင်း၊ ယနေ့ မြစိမ်းရောင် (အသားကဏ္ဍ)အတွက် မှော်ဘီမြို့နယ်၊ နှောကုန်း ကျေးရွာအုပ်စု၊ကျွဲ ခေါင်းအင်းကျေးရွာနှင့် ကြိမ်ပိုက် ကျေးရွာသို့ ဝက်မွေးမြူရန် မတည်ငွေ ကျပ်သိန်း(၃၀၀)၊ တိုက်ကြီးမြို့နယ်၊ ကွမ်းခြံကုန်း ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာသို့ ဒေသ နွားမွေးမြူရေးအတွက် မတည်ငွေကျပ် သိန်း(၃၀၀)၊ မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်း ကျေးရွာ အုပ်စု၊ရေတာကျေးရွာသို့ မျိုးကောင်းမျိုးသန့် တိရစ္ဆာန် ဝယ်ယူဖြန့်ဖြူးရေးအတွက် နွားမွေးမြူရန် မတည်ငွေကျပ်သိန်း(၃၀၀)ကျပ် စုစုပေါင်း ကျပ်သိန်း (၉၀၀)ကို ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျွဲ၊ နွား၊ ဝက်၊ ဆိတ်၊ ကြက်များ မွေးမြူမှု ဖွံ့ဖြိုးတိုးတက်စေပြီး ကျေးလက်ဒေသ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ အသားစားသုံးမှု တိုးတက်ပြီး အာဟာရပြည့်ဝစွာ ရရှိရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေနိုင်မှာဖြစ်ကြောင်း၊ အဲဒါကြောင့် စီမံကိန်းပါ စည်းကမ်းချက်များကို လိုက်နာပြီး မိမိတို့၏ မွေးမြူရေးတိုးတက်ရန်နှင့် လူမှုစီးပွားဘဝတိုးတက်ရန် အားစိုက် လုပ်ကိုင်ကြပါဟု ပြောကြားခဲ့သည်။

ဆက်လက်၍ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးက အမှာစကားပြောကြားပြီး တာဝန်ရှိသူ များက မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ကျွဲခေါင်းအင်းကျေးရွာနှင့် ကြိမ်ပိုက်ကျေးရွာ မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီသို့ သိန်း(၃၀၀)၊ မှော်ဘီမြို့နယ်၊ လှည်းငုတ် ချောင်းကျေးရွာ၊ ရေတာကျေးရွာသို့ မျိုးကောင်းမျိုးသန့် တိရစ္ဆာန် ဝယ်ယူဖြန့်ဖြူးရန်အတွက် သိန်း(၃၀၀)၊ တိုက်ကြီး မြို့နယ်၊ ကွမ်းခြံကုန်း ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ မြစိမ်းရောင် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှု ကော်မတီသို့ သိန်း(၃၀၀)တို့ကို အသီးသီး ပေးအပ်ခဲ့သည်။

ထို့နောက် မွေးမြူသူတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို