ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ် ပေးခြင်း ဆက်လက်ဆောင်ရွက်လျက်ရှိ

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေ ပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆိပ်ကြီးအနောက်ရပ်ကွက် ဓမ္မာရုံတွင် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊  လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသအိမ်ထောင်စုစာရင်းရှိပြီး လက်ရှိ ဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ၊ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်း၊ ကိုင်ဆောင်လက်မှတ်မရှိသူများကို  နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း လျှောက်ထားရာတွင် ပူးတွဲပါရှိရမည့် သတ်မှတ် အထောက်အထား စာရွက်စာတမ်းများဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းရီနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ မြို့နယ်စာရင်းအရ အိမ်ထောင်စု ၉၈၇၉ စု၊ လူဦးရေအားဖြင့် ကျား ၁၉၅၈၃ ဦး၊ မ ၂၀၁၄၅ ဦး စုစုပေါင်း လူဦးရေ ၃၉၇၂၈ ဦးရှိပြီး၊ အဆိုပါ “ပန်းခင်း”စီမံချက်ဖြင့်  မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်းကို ရပ်ကွက် အလိုက် သတ်မှတ်စုရပ်များတွင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ လက်ရှိတွင် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စု ၁၃၉ စုအား အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခဲ့ပြီး၊ မြို့နယ်နေပြည်သူ ၆၅၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးပြီးဖြစ်‌ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဝေယံ