ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ

ဇေယျာသီရိ  စက်တင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဝန်ထမ်းနေအိမ်အခန်းများ၊ အဆောင်များတွင် လိုက်နာရန်နှင့် အချင်းချင်းအသိပေး/ သတိပေးပြောကြားရမည့်အချက်များ ပါဝင်ပြီး နေပြည်တော်ကျန်းမာရေး ဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်နှင့် ပိုစတာများဖြစ်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီနှင့် ဝန်ထမ်းများက ဇေယျာ သီရိမြို့နယ်အတွင်းရှိ  လူစည်ကားရာနေရာများ၊ ဈေးနှင့် ရန်ကုန်-မန္တ‌လေးလမ်းဟောင်းဘေးရှိ စားသောက်ဆိုင်များနှင့် ကွမ်းယာဆိုင်များတွင် ရောဂါအသိပညာပေး လက်ကမ်းစာစောင် များနှင့် ပိုစတာများကပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အေးလင်းထွန်း (ပြန်/ဆက်)