မိုင်းဖြတ်မြို့နယ်၌ တောင်သူများသို့ EM-ဘိုကာရှီ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသ

မိုင်းဖြတ်  စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးဌာန အနေဖြင့် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာကောင်းများကို လက်တွေ့ကျကျ လိုက်နာကျင်းသုံးပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ထွန်းနိုင်ရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက်၁၀နာရီ အချိန်က တောင်သူများသို့ EM-ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသခြင်းကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာအာဟာရဖွံ့ဖြိုးတိုးတက်ခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု လျှော့ချနိုင်ခြင်း တစ်ဧကထုတ်လုပ်မှုစရိတ် လျော့နည်းသက်သာခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့နည်းခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့်ဝန်ထမ်းများက လယ်ယာစွန့်ပစ်ပစ္စည်း ပြောင်းရိုးများဖြင့်ပြုလုပ်သည့် သဘာဝမြေသြဇာ ပြုလုပ်နည်း အဆင့်ဆင့်အား တောင်သူများသို့ လက်တွေ့ပြသခဲ့ကြောင်းသိရသည်။

အဆိုပါ သဘာဝမြေသြဇာကို စတင်ပြုလုပ်သည့်နေ့မှစ၍ တစ်လအကြာတွင် စတင် အသုံးပြုနိုင်ပြီး မိမိတို့စိုက်ပျိုးသည့် စပါး၊ ဟင်းသီးဟင်းရွက်၊ ဥယျာဉ်ခြံသီးနှံများတွင်း အသုံးပြုနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်ထံက သိရသည်။

သန်းထွန်းအေး