သုံးခွ စက်တင်ဘာ ၂၉
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ဘိုးဘွားများ၊ နိုင်ငံ့ ၀န်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစု များအား ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား မြို့နယ် အားကစား ခန်းမဝင်းအတွင်းရှိ မြန်မာရိုးရာခြင်းလုံး အားကစားရုံတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သွေးတွင်း အောက်ဆီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံ ရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး ၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် အမှတ်(၂)ရပ်ကွက်နေ အဘ ဦးငွေက “အသိထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့သူတွေရှိတယ်၊ ရပ်ကွက်ထဲမှာလည်း ကူးစက်ခံရ တာတွေကြားနေရတယ်၊ သေဆုံးမှုတွေလည်း ကြားနေရတယ်ပေါ့နော်၊ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေထက် ယခုတတိရလှိုင်းက အသက်အရွယ်အပိုင်းအခြားမရွေး ကိုဗစ်ရောဂါဖြစ်ပွားတဲ့သူတွေလည်း များလာတယ်၊ အခုလိုရောဂါတစ်အားပျံ့ပွားနေတဲ့ အဘတို့လို အသက် ၅၆နှစ်အရွယ်သက်ကြီးပိုင်းတွေကိုလည်း ကာကွယ်ဆေးထိုးခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်၊ ကာကွယ်ဆေးထိုးခဲ့ရလို့လဲ ဒီရောဂါ ဖြစ်ပွားခဲ့သည်ရှိသော် ခံနိုင်ရည်ရှိမယ်လို့ယုံကြည်ပါတယ် ဒါကြောင့် ကာကွယ်ဆေးထိုးပေးတဲ့ ဆရာ၊ ဆရာမတွေ၊ စီမံဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေ အားလုံးကို အထူးဘဲ ကျေးဇူးတင်ပါတယ်” အဘဦးအေးငွေက ပြောကြားခဲ့သည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံသည့်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် အသက်၆၅ သက်ကြီး ဘိုးဘွား(၂၉၂၄)၊ သံဃာတော်၊ သီလရှင်(၃၂၃)၊ ကျန်းမာရေး၀န်ထမ်း(၁၀၀)ဦး၊ စေတနာ့၀န်ထမ်း (၇၁၅)ဦး၊ နိုင်ငံ့ဝန်ထမ်း (၄၀၃)၊ ဝန်ထမ်း မိသားစု(၁၄၅၁)၊ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၄၅)၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်း(၁၇)ဦး၊ ဈေးသည် (၄၇၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။