သန်လျင်မြို့နယ်တွင် နေထိုင်သူပြည်သူတစ်ဦး ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၍ သန်လျင်အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးကုသမှု ခံယူပြီး ပြန်လည်သက်သာကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန် စက်တင်ဘာ ၂၉

မေး။ မင်္ဂလာပါ ဦးလေးအမည် အသက်နဲ့ နေရပ်လိပ်စာလေး သိချင်ပါတယ်။

ဖြေ။ ။ ဦးလေးက ဦးအောင်မြင့် အသက်က ၆၈ နှစ် သန်လျင်မြို့မှာနေပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါ ဦးလေးဘယ်အချိန်လောက်က နေမကောင်းစဖြစ်တာလဲ သိပါရစေ။

ဖြေ။ ။ဦးလေး ပြီးခဲ့တဲ့လ ၆ ရက်နေ့လောက်မှာ စဖျားတယ် အဲဒါနဲ့ ၂၄ နာရီဆေးခန်းသွားပြတော့ ဒေါက်တာက ဂရုစိုက်ပါတယ်၊ ဆေးခန်းကပေးတဲ့ ဆေးတွေသောက်တယ်၊ တော်တော်သက်သာတယ်၊ ဒါပေမဲ့ ဦးလေးက အသက် ၆၈ နှစ်ဆိုတော့ ဒေါက်တာက ဦးလေးကို ဆေးရုံတက်ခိုင်းပါတယ်၊ အဲဒါနဲ့ ဦးလေး သန်လျင်ဆေးရုံသွားတက်တယ်၊ ၁၀ ရက်နေ့လောက်မှာ ဦးလေးကို ဆေးစစ်တော့ ကိုဗစ်ပိုး တွေ့လို့ ကိုဗစ်ကုသဆောင်ကို ပြောင်းရပါတယ်။

မေး။ ။ ဦးလေး ဆေးရုံ ကိုဗစ်ကုသဆောင်ရောက်တော့ ဘယ်လိုရင်ဆိုင်ခဲ့ရသလဲဆိုတာ သိပါစေ။

ဖြေ။ ။ ဦးလေး အဲဒီကုသဆောင်ရောက်တော့ ဆေးတွေစပြီးသွင်းပါတယ်၊ ဦးလေးက သွေးပေါင်တွေကျ လာတယ်၊ မူးလာတယ်၊ မျက်လုံးတွေဝေဝါးလာတယ်၊ အသက်ရှူလို့မဝတော့ဘူး ချွေးတွေပြန်လာတယ်၊ အဲဒါနဲ့ ဦးလေးကို အောက်ဆီဂျင်ရှူခိုင်းတယ်  ရှူလို့မဝဘူး အောက်ဆီဂျင်တင်ခိုင်းပြီးရှူတယ်၊ မရဘူး အောက်ဆီဂျင်ပြန်တိုင်းရင် ၇၀ ကျော်လောက်ဘဲရှိတယ်၊ ဒါနဲ့ ဦးလေးစဉ်းစားတယ် ဒီအတိုင်းဆို ငါမလွယ်တော့ဘူး  ဦးလေးက ကိုယ့်ကိုကိုယ်ညှာတယ် အောက်ဆီဂျင်အိုးကိုဘဲ အားပြုရှူနေတာ နောက်ဆုံးအောက်ဆီဂျင်ကို လျော့ခိုင်းပြီး ဦးလေးစိတ်ကိုတင်းပြီး ရအောင်ရှူတယ် ကိုယ့်အားကိုယ် ကိုးပြီး ရှူလိုက်တာ  အောက်ဆီဂျင်ပြန်တိုင်းတော့ ၈၅၊ ၉၀၊ ၉၅ အထိ တက်လာတယ်၊ အဓိကပြောချင် တာက အောက်ဆီဂျင်အိုးကိုဘဲ အားကိုးလို့မရဘူး ကိုယ်တိုင်အားထုတ်ရတယ်၊ အဲဒီနောက်ပိုင်း အဆုပ် ကို ဓာတ်မှန်ရိုက်ကြည့်တော့ ပိုတွေ့လို့ ပိုသတ်ဆေးသွင်းရတယ်။

မေး။ ။ ဟုတ်ကဲ့ ဦးလေးအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီးလား သိပါစေ။

ဖြေ။ ။ ကာကွယ်ဆေးထိုးပေးတဲ့အချိန်မှာ ဦးလေးကဖျားနေတော့ မထိုးရသေးဘူး ကာကွယ်ဆေး ထိုးထားရင် ဒီလောက်အထိဖြစ် မပြင်းထန်ဘူးလို့ထင်တာဘဲ။

မေး။ ။ ဟုတ်ကဲ့ပါ ဦးလေးဆေးရုံမှာ ဘယ်နှစ်ရက်လောက်ကြာခဲ့လဲ၊ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတာ သိပါရစေ။

ဖြေ။ ။ ဆေးရုံမှာ ဦးလေး ၁၄ ရက်လောက်ကြာပါတယ်၊ လေ့ကျင့်ခန်းလုပ်ပါ၊ အဓိက ကိုယ့်အားကိုယ် ကိုးရမယ်၊ နောက်တစ်ခုက လူနာကိုပြုစုတဲ့သူပါ အခက်အခဲတော့ အနည်းအများရှိမှာပါ ကိုယ့်လူနာ အခြေအနေကို သိနေရမယ်၊ စိတ်ဓာတ်ကျဘို့နဲ့၊ ရင်ဆိုင်ရဲတဲ့ စိတ်ကိုမွေးထားရမယ်၊ ဒါတွေရှိရင် ရောဂါဖြစ်နေကြတဲ့သူတွေ ဦးလေးလို ပြန်ကောင်းလာမှာပါလို့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့ရင် ဘယ်လို နည်းလမ်း တွေနဲ့ အကောင်းဆုံးဖြတ်သန်းရမလဲဆိုတာလေး ပြောပေးပါခင်ဗျာ။

ဖြေ။ ။ ပြည်သူတွေအနေနဲ့ဆိုတာက တစ်ဦးနဲ့တစ်ဦး မတူကြသလို အသက်အရွယ်တွေကလည်း မတူကြတော့ ခံစားရတာခြင်း တူချင်မှတူကြမှာပါ ပြောချင်တာကတော့ တက်သိနားလည်တဲ့ ဆရာဝန်၊ မိသားစုဆရာဝန်တွေနဲ တိုင်ပင်ဆွေးနွေးပြီး စိတ်ပိုင်း ဆိုင်ရာ အဓိကစိတ်ဓာတ်မကျဘို့နဲ့ အကောင်းဆုံး ကျော်ဖြတ်နိုင်အောင်ကြိုးစားစေချင်ပါတယ်လို့ ပြောချင်ပါတယ်။

ခရိုင် (ပြန်/ဆက်)