အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့် ခေါင်းဆောင်မှုသင်တန်းပို့ချ

မိုင်းယန်း စက်တင်ဘာ ၂၉    

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှု အသိပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးသက်လင်းထွန်းက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို သိရှိလိုက်နာ ကျင့်သုံးဆောင်ရွက်တတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများပေါ်ထွက်လာစေရန်၊ ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

သင်တန်းတွင် သောက်သုံးရေများ လေလွင့်ဆုံးရှုံးမှုကို လျှော့ချခြင်း၊ ရေအရင်းအမြစ်များကို ထိန်းသိမ်းခြင်း၊ အမြှင့်တင်သိုလှောင်ရေဖြင့် သဘာဝအလျောက်စီးဆင်းစေသည့် အစက်ချ ရေပေးရေး လုပ်ငန်းစဉ်နှင့် စိုက်ပျိုးရေစနစ်တကျ သုံးစွဲခြင်းတို့ကို လည်းကောင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန်စီမံခြင်း၊ ဓာတုဗေဒသုံး စိုက်ပျိုးရေးပစ္စည်းများ လျှော့ချသုံးစွဲမှုနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ (GAP)တွင် ပါဝင်သည့် အခန်းကဏ္ဍများ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP)နှင့် ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်(GAQP)လုပ်ငန်းစဉ်များ စသည့်ဘာသာရပ်များကို သင်တန်းနည်းပြ(၃)ဦးဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သင်တန်းသို့ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)