ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်စီမံခန့်ခွဲရေးရုံး၌ လုပ်ငန်းညှိနှိုင်း(၂/၂၀၂၁) အစည်းအဝေး ကျင်းပ

ရန်ကုန်  စက်တင်ဘာ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ သာဓုကန်စက်မှုဇုန်အား ရွှေပြည်သာ သာဓုကန်စက်မှုဇုန်(၁)မှ ခွဲထွက်ခွင့် ရပြီးဖြစ်၍ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ ရွှေပြည်သာ စက်မှုဇုန်(၁)မှ စနစ်တကျ လွှဲပြောင်းရေး ကိစ္စရပ်များ ဆောင်ရွက်ရန်ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်း(၂/၂၀၂၁) အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ရွှေပြည်သာ မြို့နယ်၊ သာဓုကန် စက်မှုဇုန် စီမံခန့်ခွဲရေးရုံးတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် စက်မှုဇုန်စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားပြောကြားရာတွင် ဤ စက်မှုဇုန်အား ရွှေပြည်သာစက်မှုဇုန်(၁)မှ ခွဲထွက်ခွင့်ရပြီဖြစ်၍ လွဲပြောင်းပေးရန် ကျန်ရှိသည့် ရန်ပုံငွေနှင့် စာရင်းဇယားများ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန်အတွက် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း၊ ရန်ပုံငွေများ လက်ခံရရှိပြီးပါက မိမိတို့စက်မှုဇုန်အတွက် လိုအပ်သည့် လမ်းမီးများ ထွန်းညှိရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးစသည့် စက်မှုဇုန် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တင်ပြဆွေးနွေးနိုင်ရေး အစည်းအဝေး ခေါ်ရခြင်း ဖြစ်ကြောင်း၊ ရွှေပြည်သာစက်မှုဇုန်(၁)မှ ရန်ပုံငွေနှင့် စာရင်းဇယားများ တည်ငြိမ်အေးဆေး ပြဿနာကင်းစွာဖြင့် လွှဲပြောင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြထားပြီးဖြစ်ပြီး မကြာမီ လွှဲပြောင်းပေးတော့မည် သိရကြောင်း၊ ရန်ပုံငွေများ ရရှိလာသည့်အခါ ကော်မတီဝင်များ မှ လမ်းအလိုက်၊ အကွက်အလိုက် တာဝန်ပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းပုံစံမှ ရွှေပြည်သာ စက်မှုဇုန် (၂၊၃၊၄)လုပ်ငန်း ဆောင်ရွက်ချက်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ရန်ပုံငွေများကိုလည်း စနစ်တကျ ကောက်ခံသုံးစွဲမည်ဖြစ်ကြောင်း၊ မိမိတို့ကော်မတီ အနေဖြင့် စက်မှုဇုန်ဖွံ့ဖြိုးရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် ရိုးရိုးသားသားဖြင့် အောင်မြင်အောင် တာဝန်ယူ တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့ပြီး ကော်မတီဝင်များ၏ လှူဒါန်းငွေများ အပေါ် ရသုံးငွေများကို တင်ပြခဲ့ပြီးနောက် စက်မှုဇုန် စီမံခန့်ခွဲရေး ဥက္ကဋ္ဌက နိဂုံးချုပ်ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို