ဒေါပုံ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကို လည်း ဖော်ပြ လိုက်ရပါသည်-
ဒေါ်အေးအေးသန်း
ကျွန်မကတော့ ဒေါပုံမြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေသူ တစ်ဦး ဖြစ်ပါတယ်။ ကျွန်မက ဇူလိုင် လ ၂၀ ရက်နေ့မှာ ကိုဗစ်ရောဂါ စတင်ဖြစ်တာပါ။ အဲမတိုင်ခင် တစ်ပတ်လောက်ကထဲက ခန္ဒာကိုယ်အောက်ပိုင်းတွေ ကိုက်ခဲလာ တာပါ။ ကိုက်တာမှ လုံးဝလမ်း လျှောက်လို့ မရတော့အောင် ခြေထောက်တွေ နာကျင်လာပါတယ်။ အဲဒါနဲ့ရိုးရိုးကိုက်ခဲတာဆိုပြီး ဆေးသောက်ပြီးနေခဲ့ပါတယ်။ ခြေထောက်တွေ ကိုက်ခဲနာကျင်တာ ပျောက်သွားတော့ ကျွန်မ ဖျားလာပါတယ်။ ဖျားပြီးနှစ်ရက် လောက်ကြာတော့ အနံစပျောက်တယ်ရှင့်။ အဲ့ဒါနဲ့ ကျွန်မကိုဗစ် ရောဂါဖြစ်ပြီဆိုတာ သိလိုက်ပါတယ်။ ကိုဗစ်ဖြစ်ပေမဲ့ကျွန်မက စင်တာများကို သွားရောက်ကုသခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အိမ်မှာတစ်ယောက်ထဲနေတာဆိုတော့ ကိုယ့်အိမ်မှာပဲ ကုမယ်ဆိုပြီး အိမ်မှာပဲနေလိုက်ပါတယ်။ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ်။ ဘာသာရေးကိုလည်း ယခင်ထက် ပိုလုပ်ပါတယ်။ အစားများများစားတယ်။ ကြက်ဥပြုတ်စားပါတယ်။ Vitamin C၊ Vitamin D ဆေးဝါးတွေကို ဆရာဝန်လမ်းညွှန်ချက်နဲ့အချိန် မှန်သောက်ပါတယ်။ ဒီလိုနှင့်အနံ့ပျောက်ပြီး တစ်ပတ်လောက်မှာ အနံ့ပြန်ရလာ ပါတယ်။ အနံ့ပြန်ရ ပေမဲ့လည်း အပြင်လုံးဝမထွက်ခဲ့ပါဘူး။ အိမ်ထဲမှာ (၂၁) ရက်ကြာအောင် ကျွန်မကုသခဲ့ပါတယ်။ စဖြစ်တဲ့ အချိန်တုန်းကတော့ အရမ်းအားငယ်မိတယ်။ သေရမှာတော့ ကြောက်တယ်လေ။ နောက်ပိုင်း စိတ်ကိုလုံးဝတင်းပြီတော့ “ငါ ဒီရောဂါကို လုံးဝတိုက်ထုတ်နိုင်ရမယ် ဆိုပြီးတော့” စိတ်ဆုံး ဖြတ်ချက်ချပြီး ရင်ဆိုင်ကုသခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မပြောချင်တာကတော့ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန်အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ ဖြစ်ပေါ်ပါကလည်း လုံးဝ မကြောက်ပါနဲ့ စိတ်ကို တင်းထားပါ အဓိက က စိတ်ပါ။ စိတ်ကိုအနိုင်ရဖို့လိုပါတယ်။ ရောဂါကို စနစ်တကျ ကုပါလို့ ပြောချင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်ရှင်။
ခင်မာဝေ(ပြန်/ဆက်)