မိုင်းကိုင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအရ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် ပြသနိုင်သည့်သူများကိုသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
မိုင်းကိုင်မြို့နယ်ရှိ အသက် ၁၈ နှစ် ပြည့်ပြီးသူများ အားလုံးကို စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းအချိန် အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၂၃၂၅ ဦးရှိကာ နေ့စဉ်မနက် ၉ နာရီမှ ညနေ ၂ နာရီအတွင်း မြို့နယ်ပြည်သူ့ ဆေးရုံ ကာကွယ်ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျှက်ရှိပြီး အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ဟမ်းငိုင်း၊ ပန်ကေတု ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများနှင့် ပန်ကေတု ကျေးရွာအုပ်စု အတွင်းသို့ ရောက်ရှိနေသော စစ်ပွဲရှောင် ပြည်သူများကိုပါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး တာဝန်ရှိသူ များက စာရင်းများ ကောက်ခံပြုစုလျက်ရှိသည်။
ကာကွယ်ဆေးလွှမ်းခြုံမှုများ လျင်မြန်စွာပေးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ် နှင့် အထက်ကလေးများကိုပါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး တာဝန်ရှိသူများက စာရင်းများ စတင်ကောက်ခံလျက်ရှိပြီး မှတ်ပုံတင်မရှိသဖြင့် ဆေးထိုးရန် အခက်အခဲရှိသူများအားလုံးသည် ရက်ပိုင်းအတွင်း မှတ်ပုံတင်များ ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေးစာရေးများနှင့် ဆက်သွယ်၍ ရှေ့ပြေးပုံစံများ ဖြည့်စွက် ဆောင်ရွက်ကြရန် ကာကွယ်ဆေးများ မဖြစ်မနေ ထိုးနှံကြရန် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက် ပေးလျှက်ရှိသည်။
သို့ဖြစ်၍ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်ကုသရေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ် ပြသနိုင်သည့် သူများကိုသာ မိုင်းကိုင်မြို့နယ်အတွင်း ဖြတ်သန်းသွားလာခြင်း ၊ ခရီးသွားခြင်း ၊ လုပ်ငန်းဆောင်ရွက်ခြင်းများကို ခွင့်ပြုမည် ဖြစ်ကြောင်း သိရှိရသည်။
ချော(မိုင်းကိုင်)