မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်

မဘိမ်း      စက်တင်ဘာ     ၂၉  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။ 

အဆိုပါနှိုးဆော်ချက်များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုဆပ် ပြာဖြင့် စက္ကန့် ၂ဝ ကြာ မကြာခဏဆေးကြောကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများ သို့ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်အချက်များကို ပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။ 

မျိုးမင်း (ပြန်/ဆက်)