ချောင်းဆုံ စက်တင်ဘာ ၂၉
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချစေရန်ရောဂါကူးစက်ပြန့်ပွားမှုကို တာဆီးစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ပြည့် ပြီးသူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၁၅)နေရာတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းတွင် ကျန်းမာရေး ဝန်ထမ်းများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ စုရပ်အသီးသီး၌ ဦးစားပေး သတ်မှတ်အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသူ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား စက်တင်ဘာ ၁၄ မှ ၂၈ ရက်နေ့အထိ ဆေးထိုးနှံပြီးသူ (၂၆၉၆၄) ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ဒေသခံပြည်သူများ၊ စေတနာ့ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုးတွေ့လူနာလျော့နည်းလာကြောင်း ကျန်းမာရေး ဌာန၏ မှတ်တမ်းများအရ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)