ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ဦးစားပေးအဆင့်များ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ရန်ကုန် ဘူတာကြီးတွင် မြို့နယ် တာဝန်ရှိသူများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင် လုပ်သား (၁၁၃) ဦး၊ ပို့ဆောင်ရေး လုပ်သား (၆၉) ဦး၊ မြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်း (၅၉) ဦး၊ မြို့နယ်ဥပဒရုံးမှ ဝန်ထမ်းများနှင့် မိသားစု(၁၅)ဦးနှင့် မီးရထားဝန်ထမ်း (၁၁၅) ဦး စုစုပေါင်း (၃၇၁) ဦးကို ကာကွယ်ဆေးများ ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ လာရောက်၍ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ