မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ များလာသောကြောင့် (Quarantine Centre) ကို ထပ်မံဆောင်ရွက်

မိုင်းလုံ  စက်တင်ဘာ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ  ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများလာသောကြောင့် (Quarantine Centre)ကို နမ့်ပိန်ရပ်ကွက် အတွင်းရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ထပ်မံတိုးချဲ့ထားရှိနိုင်ရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စေတနာရှင်ပြည်သူများကို ဦးဆောင်၍ ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမကို သန့်ရှင်းရေးများဆောင်ရွက်ပြီး ပိုးတွေ့လူနာများ အတွက် နေရာထိုင်ခင်းများကို ဆောင်ရွက်ထားရှိကာ လူနာများ နေထိုင်ရေးအဆင်ပြေစေရန်  မိုင်းလုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေးဌာနတို့၏ စီစဉ်မှုဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုးတွေ့လူနာများကို မိုင်းလုံတိုက်နယ်ဆေးရုံ (Quarantine Centre)တွင် ထားရှိပြီး ဆေးကုသပေးခဲ့ရာ ယခုအခါတွင် ပိုးတွေ့လူနာများလာသောကြောင့် နမ့်ပိန်ရပ်ကွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမတွင် ထားရှိသွားမည်ဖြစ်ကြောင်း၊ တိုက်နယ်ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများကလည်း ပိုးတွေ့လူနာများကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်‌ရှိ‌ကြောင်း သိရသည်။

  မိုင်းလုံမြို့သည် ဇူလိုင်(၁၈)ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ယနေ့အချိန်ထိ ရောဂါပိုးတွေ့ရှိသူ  စုစုပေါင်း(၁၄၄)ဦး ရှိကြောင်း ၊ကျန်းမာလာ၍ ဆေးရုံမှဆင်းခွင့်ရသူ(၁၀၉)ဦး၊ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူသူ(၃၂)ဦး၊‌ ကျောက်မဲဆေးရုံတွင်လွှဲ‌ပြောင်း ဆေးကုသမှု ခံယူသူ(၁)ဦး၊ သေဆုံး(၂)ဦးရှိကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)